Home
မြန်မာသတင်း
SSPP/SSA က ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများ ပြန်လွှတ်ပေးမည်
DVB
·
November 18, 2021

ရှမ်းမြောက်ဒေသမှာဖြစ်ပွားနေတဲ့ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဦးဆောင်တဲ့ မဟာမိတ်တပ်တွေအကြား တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၁၀ ယောက်ကို  ခံဝန်နဲ့ မိသားစုတွေလာရွေးရင် ပြန်လွှတ်ပေးမယ်လို့ ၀မ်ဟိုင်း အခြေစိုက် SSPP တပ်က ပြောကြားလိုက်ပါတယ်။ 

SSPP ဗိုလ်မှူးကြီး စိုင်းဆုက “ဂျနီဗာကွန်းဗန်းရှင်းအရ စစ်သုံ့ပန်းဉပဒေ လိုက်နာတဲ့ အနေနဲ့ လွှတ်ပေးတာပါ။ ပြည်သူလူထုကို ကျနော်တို့ မောင်းထုတ်တာမရှိပါဘူး။ တိုက်ပွဲက တောထဲ တောင်ထဲပဲ ဖြစ်တာပါ။ တိုက်ပွဲတွေလည်း မဖြစ်ချင်ပါဘူး။ ‌လက်ရှိနယ်မြေကိုချဲ့ထွင်ပြီး တိုက်ပွဲခေါ်နေတာ မရှိပါဘူး။ နယ်မြေကျူးကျော်လာတာရှိတော့ တွန်းလှန်တာပါ ချေမှုန်းရေး မဟုတ်ပါဘူး။ RCSS ကို ရန်သူအဖြစ်သတ်မှတ်ထားတာလည်း မရှိပါဘူး။ အန်စီအေထိုးပြီးနောက်ပိုင်း ကျူးကျော်လာတဲ့ ကျနော်တို့ နယ်မြေတွေကို ပြန်ရဖို့ ဖြေရှင်းရတာပါ”လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သုံ့ပန်းတွေဟာ လက်ရှိမှာ ဝမ်ဟိုင်းမှာပဲ ထိန်းသိမ်းခံထားရပြီး နေရပ်ပြန်ရရင် လယ်ယာလုပ်ငန်းနဲ့ အရပ်သားအလုပ်ပဲ လုပ်ကိုင်စားသောက်ချင်တယ်လို့  ပြောပါတယ်။

စစ်သုံပန်းတစ်ဦီးက “တပ်ထဲတော့ ပြန်မသွားချင်တော့ဘူး။ အခုတိုက်ပွဲတွေနဲ့ ပတ်သက်လို့ တဘက်နဲ့တဘက် ကိုယ့်တိုင်းပြည်အတွက် တိုက်နေတာဆိုတော့ ဘာမှ မပြောချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း တိုက်ပွဲ မဖြစ်ရင်တော့ ကောင်းတာပေါ့။ ဒီက ပြန်ခွင့်ရရင် အိမ်အလုပ်ပဲ လုပ်တော့မယ် တပ်ထဲတော့ မသွားတော့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့တိုက်ပွဲတွေအတွင်း သုံ့ပန်း ၁၃ ဦး ဖမ်းဆီးရမိခဲ့ပြီး ၂ ဦးက တိုက်ပွဲမှာရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ကာ ပလောင် လူမျိုးတယောက်ကိုတော့  TNLA အဖွဲ့ထံကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ 

ကျန်တဲ့ ၁၀ ယောက်ထဲက  ၁ ယောက် ဆေးရုံ တင်ထားရပြီး တခြားတယောက်ကတော့ ကိုဗစ်ကွာရန်တင်းစင်တာမှာ ဝင်နေရပါတယ်။

လက်ရှိအချိန်မှာ သုံးပန်း ၈ ယောက် ကျန်းကျန်းမာမာ ရှိနေပြီး သူတို့ရဲ့ မိသားစုဝင်တွေက လာခေါ်ရင် ခံဝန်လက်မှတ်နဲ့ ပြန်လွှတ်ပေးမှာ ဖြစ်ပြီး လမ်းစရိတ် ကျပ်ငွေ ၃ သိန်းပါ ထောက်ပံ့ပေးသွားမယ်လို့   SSPP ရှမ်းပြည်တိုးတက်ရေးပါတီပြောခွင့်ရ စိုင်းဘုန်းဟန် က ပြောပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာ SSPP၊ TNLA ပူးပေါင်းတပ်နဲ့  RCSS ကတို့ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံတွေက တိုက်ပွဲတွေ အမြန်ဆုံးသတ်စေချင်နေကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး SSPP ဗိုလ်မှူးကြီး စိုင်းဆုက “နောက်ပိုင်းမှာလည်း ဆွေးနွေးမှုနဲ့ပဲ ဖြေရှင်းဖို့ လက်ခံထားပါတယ်။ အချိန်ကာလ တခုနဲ့ စည်းလုံးညီညွတ်မှုကို အကောင်အထည်ဖော်နိုင်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ယုံကြည်ထားပါတယ်။ မကြာခင် ညှိနှိုင်းမှုတွေ လုပ်နိုင်မယ်လို့ ယူဆပါတယ်. ‌အရေးကြီးတာက RCSSက မြောက်ပိုင်းမှာ ကျူးကျော်ထားတာများလို့ အားလုံးအပြီးအပိုင်ထွက်ခွာပြီးရင် သူ့နေရာကိုယ့်နေရာ ခွဲထားပြီးရင် အကုန်လုံး သက်သက်သာသာနဲ့ နေရမှာပေါ့။ မကြာခင်မှာ အေးအေးဆေးဆေး ပြန်ဖြစ်လာမှာပါ”လို့ ပြောပါတယ်။ 

SSPP/SSA တပ်ဖွဲ့နဲ့ RCSS/ SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့အကြား ပိုင်နက်နယ်‌‌မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေကာ နှစ်ဖက်ဝန်းရံထောက်ခံသူတွေကို အပြန်အလှန်ဖမ်း‌ဆီးမှုတွေလည်း ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024