ရန်ကုန်မှာဖမ်းမိတယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၀ နီးပါးစာရင်းမှာ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဘာမှမဆိုင်တဲ့ အပြစ်မဲ့အရပ်သားတွေလည်းပါဝင်နေတယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးသတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်ဟာ မှန်ကန်မှုမရှိဘဲ အဲဒီထုတ်ပြန်ချက်ထဲမှာ တကယ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်အနည်းငယ်သာပါဝင်ပြီး ကျန်တဲ့သူတွေက PDF တပ်ဖွဲ့ဝင် မဟုတ်တဲ့ သာမန်ပြည်သူတွေလို့ ဆိုပါတယ်။
ပြည်သူလူထုအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော်တွေအတွက် တော့ စိတ်မကောင်းဖြစ်ရသလို အမြဲလေးစားဂုဏ်ယူနေတယ်လို့လည်း ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေး သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံကပြောပါတယ်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း ၃ ခုကို ပေါင်းကာ ဟံသာဝတီခရိုင်လို့ သတ်မှတ်ပြီး စက်တင်ဘာလ ၇ ရက်နေ့က စလို့ ပျံလွှားအောင်စစ်ဆင်ရေးလို့ သတ်မှတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာပါ။
ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေး သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပျံလွှားအောင်စစ်ဆင်ရေးအကို ခုထက်ပိုမိုအရှိန်မြှင့်သွားမယ်လို့ပြောပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို အခုထက် ပိုမိုပြင်းထန်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်သွားမှာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သတ္တရှိရှိ ရင်ဆိုင်ဖို့ ပြင်ဆင်ထားလို့ လည်း သတိပေးလိုက်ပါတယ်။
ဒီစစ်ဆင်ရေးကို တာဝန်ယူနေတဲ့ သူတွေအနေနဲ့ စစ်ဆင်ရေးပြီးသွားတဲ့အခါမှာ တော်လှန်ရေးရဲဘော်တွေ လုံခြုံစိတ်ချရတဲ့ နေရာကို ပြန်ရောက်နိုင်ဖို့ အစီစဉ်ချမှတ်နေတဲ့အပေါ်မှာ သေချာပြန်လည်သုံး သပ်တာတွေ လုပ်ဆောင်ပေးပါလို့ မြေအောက်တော်လှန်ရေး တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ပျံလွှားအောင်စစ်ဆင်ရေးအကြောင်းကိုအခုချိန်ထိ ထုတ်ပြန် မပြောဆိုရဲတာကိုကြည့်ရင် အာဏာသိမ်းမင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်ဟာ သွေးပျက်နေပြီဆိုတာ ပေါ်လွင်နေတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဧရိယာ ၇ ခုအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၃ ယောက် နဲ့ ထောက်ပံ့ကူညီသူ ၈ ယောက်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကို အသေပစ်ခတ်ဖမ်းမိတယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဖမ်းမိသူတွေထဲမှာ ဗားဂရာမီးပွိုင့်က လုံခြုံရေးအဖွဲ့ဝင်တွေကို ပစ်ခတ်မှု ၊ ထန်းတပင် ပစ်ခတ်မှုတွေအပြင် သန်လျင်တံတား၊ မြောက်ဥက္ကလာတံတား ပစ်ခတ်မှုတွေက PDF တချို့ ကိုလည်း ဖမ်းဆီးရမိ ထားတယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတိုင်းကို အန်အယ်လ်ဒီလွှတ်တော်အမတ်လည်းဖြစ်၊ ဟစ်ဟော့ပ်အဆိုတော်လည်းဖြစ်တဲ့ ဦးဖြိုးဇေယျသော်ရဲ့ စေခိုင်းချက်နဲ့ လုပ်ဆောင်တာဆိုပြီးလည်း စစ်ကောင်စီက အမြဲလိုလို စွပ်စွဲသတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာအနီးတဝိုက်မှာ တွေ့ရာကြုံရာလူငယ်တွေကို မကြာခဏဖမ်းဆီးသွားလေ့ရှိပြီး ဒီနောက်မှာ စစ်ကောင်စီအာဘော် မီဒီယာတွေကနေ ဓာတ်ပုံတွေ ဇယားတွေနဲ့ မဟုတ်မမှန် ဇာတ်လမ်းဆင်ပြီး သတင်းထုတ်ပြန်လေ့ရှိသလို မူးယစ်ဆေးဝါးသုံးစွဲမှုတွေရှိတယ်လို့လည်း ထုတ်ပြန်လေ့ရှိပါတယ်။
အခုလို မူးယစ်ဆေးဝါးသုံးစွဲကြောင်းထုတ်ပြန်တာဟာ စစ်အာဏာရှင်တော်လှန်ရေးအပေါ် လူထုကအထင်မြင်လွဲမှားပြီး တော်လှန်ရေးရဲဘော်တွေအပေါ်မှာလည်း သေးသိမ်အောင် စစ်ကောင်စီက တမင်ဖန်တီးထုတ်ပြန်နေတာဖြစ်ပြီး အဲဒီလို လုပ်ရပ်မျိုးကို PDFတွေ မလုပ်ဘူးဆိုတာကို ပြည်သူတွေက နားလည်ပြီးသားဖြစ်တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေး သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း စက်တင်ဘာ ၇ ရက်မှ အောက်တိုဘာလကုန်အထိ တိုက်ခိုက်မှုပေါင်း ၉၉ ကြိမ်နဲ့ ဗုံးခွဲတိုက်ခိုက်မှု ၂၅၆ ကြိမ်ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။