စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရဲစခန်း နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီလောက် မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက “နေ့လယ် ၂ နာရီလောက်ကဖြစ်မယ်ဗျ မီးရှို့တာက။ ဒေသခံ Khin U Local Guerrilla Force တပ်ဖွဲ့နဲ့အတူ သီးခြားအဖွဲ့ပါ အတူပူပေါင်း ဝင်ရောက်ဖျက်ဆီးခဲ့တာ။ စစ်ကောင်စီတပ်ရဲ့ ထောက်တိုင်မှန်သမျှ၊ အကုန်ရှင်းလင်းသွားမယ်။ စစ်ကောင်စီ မကျမဆုံးမချင်း စစ်ကောင်စီကို တော်လှန်သွားမယ်” လို့ ပြောပါတယ်။
အခုမီးရှို့ခံရတဲ့ ညောင်ပင်ကြီးရဲစခန်းဟာ ရဲတစ်ယာက်မှမရှိဘဲ မြိုပေါ်စခန်းကို စခန်းပေါင်းထားကြောင်း၊ ရဲစခန်း မီးရှို့ခံရတာကြောင့် ခင်ဦးမြို့ပေါ်ကနေ လုံခြုံရေးအပြည့်၊ စစ်ကား ၄ စီးနဲ့ လာရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲလိုက်တာကြောင့် စစ်ကားတစ်စီး မိုင်းမိသွားတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အကျဆုံးဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးပါဘူး။
စစ်ကောင်စီတပ်ကတော့ ရဲစခန်းမီးရှို့တာနဲ့ ကားမိုင်ဆွဲခံရတာကြောင့် အပြစ်မဲ့ကျွဲကျောင်းနေတဲ့ ရွာသား ၂ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။