ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံး သူ ၂၂၀ ကျော်နဲ့ အတည်ပြုလူနာ ၅၅၀၀ ကျော်အထိမြင့်တက်လာပြီး စစ်ရှောင်စခန်းတွေမှာ ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် ပိုများလာနေတယ်လို့ သိရပါတယ်။
ကယားပြည်နယ်မှာ ဇွန် ၂၉ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၅၇၆ ဦးနဲ့ သေဆုံးသူ ၂၁၇ ဦးရှိပြီလို့ ပြည်နယ်ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အတွေအရ သိရပါတယ်။
ပိုးတွေ့ရှိသူတွေထဲမှာ လွိုင်ကော်မြို့က ၂၇၃၀ ဦး၊ ဒီးမော့ဆိုမြို့က ၇၂ ဦး၊ ဖရူဆိုမြို့က ၄၁ ဦး၊ ရှားတောမြို့က ၁၀၇ ဦး၊ ဘောလခဲမြို့ ၉၆၁ ဦး၊ ဖားဆောင်းမြို့က ၁၂၁၈ ဦး နဲ့ မယ်စဲမြို့က ၄၄၇ ဦး တို့ဖြစ်ပါတယ်။
သေဆုံးသူ ၂၁၇ ဦးမှာတော့ လွိုင်ကော်မြို့က ၁၈၆ ဦး နဲ့ အများဆုံးဖြစ်ပြီး ဖရူဆိုမြို့က ၁ ဦး၊ ဘောလခဲမြို့နယ်က ၈ ဦး၊ ဖားဆောင်းမြိုန့ယ်က ၁၅ ဦး နဲ့ မယ်စဲ့မြို့နယ်က ၇ ဦး ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီလိုပြည်နယ်ကျန်းမာရေးဌာနက အခုလို စားရင်းတွေ ဖော်ပြထားသလို ပြည်နယ် ကျန်းမာရေးဌာနဆီ မရောက်နိုင်သေးတဲ့ ကျေးလက်ဒေသ စစ်ရှောင်စခန်းတွေမှာလည်း ကိုဗစ်ရောဂါ ကူးစက်မှုတွေဟာ စက်တင်ဘာလကုန်လောက်စပြီး မြင့်တက်နေတယ်လို့ စစ်ရှောင်တွေကို လိုက်လံကူညီနေတဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။
အထူးသဖြင့် စက်တင်ဘာလကနေ အခုချိန်ထိ စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ ဆိုးဝါးနေတယ်လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။
“ကိုဗစ်ကတော့ စက်တင်ဘာလလောကတည်းက စစ်ဘေးရှောင်စခန်းမှာ သိသိသာသာထင်ထင်ရှားရှား ကျနော်တို့ တွေ့ရတယ်။ အောက်တိုဘာလမှာဆိုရင် စစ်ရှောင်စခန်းတွေမှာ လူရာနဲ့ချီပြီး positive ဖြစ်တာတွေ ဘာတွေဖြစ်လာတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်နေပြီလို့ ကျနော်တို့ ခု လက်ရှိတွေ့နေရတယ်။ ”
ဒါ့အပြင် လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်ဧရိယာ နယ်မြေတွေမှာ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်နေပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၅၀ ကျော်ရှိနေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။
“အကြမ်းဖျင်း ကိုဗစ်အများဆုံး ကူးတာက ကျနော်တို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းပေါ့နော်။ ဖယ်ခုံမြို့နယ် တစိတ်တပိုင်းပေါ့ အဲဒီမှာ အများဆုံးကူးတယ်။ လူသေမှုကလည်း အဲဒီဘက်ခြမ်းမှာ ကျနော်တို့ ရသလောက်သိထားတာက အယောက် ၅၀ စွန်းစွန်းပေါ့။ အဲတော့ အယောက် ၅၀ စွန်းတဲ့အချိန်မှာ ဘယ်လိုမျိုးလူတွေ ဆုံးလဲဆိုတော့ အထူးသဖြင့် အဲဒီဘက်ခြမ်းမှာက အိုင်ဒီပီ အရောက်များတဲ့နေရာပေါ့နော်။ သေတဲ့လူတွေက ရွာခံတချို့ပါတယ်။ နောက်ချို့ကတော့ အိုင်ဒီပီကပါတယ်။ သက်ကြီးပိုင်းအများဆုံးဖြစ်တာကို ကျနော်တို့ တွေ့ရတယ်။”
ဒါ့အပြင် ကူးစက်မှုတွေဟာလည်း ပြန့်နှံ့နေပြီး ထိန်းချုပ်လို့မ ရတော့တဲ့အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။
ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်ဖို့ အဖွဲ့ဝင် ၇ ဦးနဲ့ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) လက်အောက်ခံ ကျန်းမာရေးကော်မတီကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖွဲ့စည်းထားသလို NUG အမျိုးသားကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ထိုင်းနယ်စပ်ဒေသမှာရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေအတွင်း လူဦးရေ ၂၅၀ ကို နိုဝင်ဘာလ ၈ ရက်နေ့က ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေပါတယ်။