မန္တလေးတိုင်း မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ပတ္တမြားမြေ PDF အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
"ညနေ ၄ နာရီလောက်က ပေါက်ကွဲသံ ဆက်တိုက် ကြားတယ်၊ မြို့နဲ့နည်းနည်းလှမ်းတော့ သွားလည်း မကြည့်ရဲကြဘူး၊ သေနတ်သံလည်း အပြန်အလှန် ပစ်တဲ့အသံကြားတယ်၊ စစ်သားတွေလည်း အသံကြားတဲ့နေရာကို ဆိုင်ကယ်တွေကော ၊ ကားတွေနဲ့ကော သွားကြတာတော့မြင်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပတ္တမြားမြေ PDF အဖွဲ့တို့ တစ်နာရီကျော်ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ၁၅ ဦးသေဆုံးခဲ့တယ်လို့ မိုးကုတ်တောတွင်းလူငယ် PDF က ထုတ်ပြန်ထားပြီး ဒီဗွီဘီကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ထိတွေ့မှုတိုက်ပွဲအတွင်း ပတ္တမြားမြေ PDF အဖွဲ့က ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၅ ရက်နေ့နေ့ခင်းပိုင်းက အထက ၁ ကျောင်းအနီး ဗုံး ၃လုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပိတ်စွယ်ဘက်မှာလည်း အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။