ဂါနာကို ရှုံးနိမ့်ခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြန်ကစားပေးရန် တောင်အာဖရိကအသင်း တောင်းဆို

ဂါနာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒိုင်လူကြီး ဆုံးဖြတ်ချက်အပေါ် မကျေနပ်တဲ့အတွက် ပြန်ကစားပေးဖို့ တောင်အာဖရိကဘောလုံးအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။ 

အဲဒီပွဲစဉ်မှာ ဂါနာအသင်းက ပွဲချိန် ၃၃ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီဂိုးနဲ့ အနိုင်ရခဲ့ပြီး တောင်အာဖရိကနဲ့ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်အရ ခြေစစ်ပွဲကနေထွက်ခဲ့ရတာပါ။ 

အဆိုပါပင်နယ်တီနဲ့ ပတ်သက်ပြီး ပြိုင်ပွဲကြီးကြပ်သူဆီကိုလည်း ကန့်ကွက်စာပေးထားပြီး အာဖရိကနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တွေကိုလည်း တိုင်းကြားသွားမယ်လို့ တောင်အာဖရိကဘောလုံးအဖွဲ့ချုပ် အရာရှိချုပ် မော့လန်တီက ပြောပါတယ်။ 

“အဲဒီပင်နယ်တီက ဘယ်လိုမှသက်ဆိုင်တဲ့ဖြစ်ရပ် မဟုတ်တာကြောင့် လုယူခံလိုက်ရတယ်လို့ ကျနော်တို့ ခံစားရတယ်။ ခိုင်မာတဲ့သက်သေတွေ ရှိပြီး တခြားမမျှတတဲ့ ဆုံးဖြတ်ချက်တွေ အများကြီးကိုလည်း ကွင်းလယ်ဒိုင်က ဆုံးဖြတ်ခဲ့တယ်” လို့ မော့လန်တီက ပြောပါတယ်။ 

ဒါ့အပြင် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တဲ့ ဆီနီဂေါနဲ့ ပွဲစဉ်ကို ပြန်ကစားပေးခဲ့ရသလို ဂါနာနဲ့ အခုပွဲစဉ်ကိုလည်း ပြန်ကစားပေးသင့်ကြောင်း မော့လန်တီက ပြောပါတယ်။ 

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တောင်အာဖရိကအသင်းက ဆီနီဂေါကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒိုင်လူကြီးက တောင်အာဖရိကဘက်ကို မှားယွင်းပြီး ပင်နယ်တီပေးခဲ့တာကြောင့် ပြန်လည်ကစားဖို့ ဖီဖာက ဆုံးဖြတ်ခဲ့ပြီး ဒိုင်လူကြီးကိုလည်း တစ်သက်တာပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up