ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။
ဖားကန့်မြို့နယ်၊ နမ်ဂျန်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို KIA တပ်တွေက နိုဝင်ဘာ ၁၄ ရက် မနက် ၇ နာရီဝန်းကျင်မှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်စခန်းတစ်ခုကိုတော့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
ကျန်နှစ်ခုကိုတော့ မြေပြင်သတင်းတွေ တက်မလာသေးတာကြောင့် သိမ်းနိုင်မှုရှိ၊ မရှိ အတည်ပြုလို့မရသေးဘူးလို့ဆိုပါတယ်။
"အဲဒီတပ်စခန်းတွေက အင်အား ငါးဆယ်အောက်ရှိတဲ့ တပ်စခန်းငယ်လေးတွေပါ။ ဒါပေမဲ့ စစ်ရေးအရ အရေးပါတဲ့တပ်စခန်းတွေဖြစ်ပါတယ်" လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ သူတို့တပ်စခန်းတွေ ဝင်တိုက်ခံရပြီးနောက်မှာ ဖားကန့်ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ လေယာဉ်နဲ့ပစ်ခတ်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
ကေအိုင်အေထိန်းချုပ်နယ်မြေဖြစ်တဲ့ တနိုင်း-လီဒိုလမ်းမဘက်မှာလည်း စစ်ကောင်စီက လက်နက်နဲ့ ရိက္ခာတွေ ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ တောက်လျှောက်ရှိနေပါတယ်။