အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ အောင်လံလွှင့်ချီနွေဦးထီကို နိုဝင် ဘာ ၃၀ ရက်မှာ ဖွင့်လှစ်သွားမှာဖြစ်ကာ ကံထူးရှင်တဦးကို ဆုကြေးငွေ ၁၅ သိန်းစီ ရရှိမယ်လို့ ထုတ်ပြန်ပါတယ်။
နွေဦးထီ စနစ်သစ်မှာတော့ လုံခြုံရေးကိုအထူးဂရုပြုထားပြီး ထီလက်မှတ်ဝယ်ယူရာမှာ အရင်က pilot project နဲ့ ပုံစံအနည်းငယ်ပြောင်းလဲထားပြီး Wave Account (သို့မဟုတ်) Wave Pay, KBZ Pay, True Money Agent တွေကတဆင့် ဝယ်ယူမယ့် ထီစောင်ရေ ကျ သင့်ငွေအတိုင်း password နဲ့ ကြိုတင်ငွေလွှဲပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။
ထီကိုတော့ လစဉ် ၂၅ ရက်နေ့အထိ မနက် ၁၀ နာရီကနေ ည ၁၀ အထိ ပုံမှန်ဖွင့်လှစ် ရောင်းချမယ်လို့ ဆိုပါတယ်။
အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာ ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့ တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲ သွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ နွေဦးထီဆုမဲပေါက်သူတွေ စာရင်း မှာတော့ ကံထူးရှင် ၇၅ ယောက် ထွက်ပေါ်လာခဲ့ပြီး အဲဒီထဲက ၆၂ ယောက်ကတော့ သူတို့ ရရှိတဲ့ ဆုကြေးငွေတွေကို ပြန်လည်လှူဒါန်းဖို့ဆန္ဒပြုထားကြတယ်လို့ ဆိုပါတယ်။
အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ် ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်းခြောက်ကြေညာထားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပါတယ်။