Home
မြန်မာသတင်း
မတ္တရာမြို့နယ်၌ အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရိုက်သတ်
DVB
·
November 13, 2021

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ  အမျိုးသားတယောက်ကို  စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မိသားစုကို  ငွေကျပ် ၂ သိန်း  အကူငွေလာပေးတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၈ ရက်၊ နေ့လယ်ပိုင်းက ဒလန်က လမ်းပြခေါ်ဆောင်လာတဲ့ မတ္တရာရဲစခန်းက ရဲတွေဟာ အမှတ် ၅ ဘုရင့်နောင် တောင်ရပ်ကွက်က ကိုချစ်ဆန်းမောင်ရဲ့ အိမ်ကို ရောက်လာတယ်လို့ ဆိုပါတယ်။

“ရဲ ၁၅ ယောက်ကျော်မယ်။ စစ်ဆေးစရာရှိတယ်ဆိုပြီး လာဖမ်းတာ။ အနီးအနားအိမ်တွေက ဒီကလေးဟာ နိုင်ငံရေးနဲ့လည်း မပတ်သက်ပါဘူး။ သပိတ်နဲ့လည်း မပတ်သက်ပါဘူး၊ အေးအေးဆေးဆေးနေတာပဲလို့ ဝိုင်းပြောကြလို့ ပြန်သွားကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါပေမဲ့ ရဲတွေဟာ နောက်တကြိမ်ပြန်လာပြီး ကိုချစ်ဆန်းမောင်ရဲ့ အိမ်ဝင်းကို သေနတ်ပစ်ဖောက် အကြမ်းဖက်ဝင်ရောက်လာပြီး ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“အိပ်နေတာကို အတင်းဝင်ဖမ်းတယ်။ ပြီးတော့ လက်ပြန်ကြိုးတုပ်ပြီး လမ်းတလျှောက်ရိုက်သွားတယ်။ ရိုက်တာက ဒု တပ်ကြပ်ကျော်မင်းနိုင်။ သင်္ချိုင်းကိုခေါ်သွားပြီး အုတ်ဂူမှာ မှောက်ခိုင်းပြီး ထပ်ရိုက်တယ်။ ပြီးတော့ ဆိုင်ကယ်နဲ့ တင်ပြီး ရဲစခန်းကိုခေါ်သွားတယ်။ နောက်နေ့မနက်မှာ မိသားစုတွေ ရဲစခန်းလိုက်သွားတော့ ပထမ စောင့်ခိုင်းထားတယ်။ နောက်မှ ဆုံးသွားပြီဆိုပြီး ရင်ခွဲရုံကို လိုက်ခိုင်းတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

အလောင်းထုတ်ဖို့ ဆေးစာမှာ ဇနီးဖြစ်သူက လက်မှတ်ထိုးရပြီး ဆေးလွန်သေဆုံးတယ်လို့ ရေးထားကြောင်းလည်း မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“မနေ့က စခန်းက တာဝန်ရှိသူက သူ့မိန်းမ နုနုလွင်ကို ခေါ်ပြီး ငွေ ၂ သိန်းပေးတယ်။ ကူတာပါ လို့ပြောတယ်။ ပြီးတော့ သူရှိရင် ဒီလိုမဖြစ်ပါဘူးလို့လည်း ပြောတယ်” လို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

သေဆုံးသူ ကိုချစ်ဆန်းမောင်မှာ ၄ နှစ်ခွဲအရွယ် သမီးတယောက်လည်း ကျန်ခဲ့ပါတယ်။ အဲဒီနေ့က ဘုရင့်နောင်ရပ်ကွက်ထဲက နောက်ထပ် ပြည်သူ  ၈ ယောက်ကိုလည်း ရဲက ဖမ်းဆီးသွားပြီး မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024