Saturday, June 10, 2023
HomeLead Storyပုလဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရ

ပုလဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ‌ပုလဲဒေသခံပြည်သူကာကွယ်ရေးတပ်တွေ နိုဝင်ဘာ ၁၃ ရက် ဒီနေ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရသွားတယ်လို့ ဒေသခံ PDF တပ်ထံက သိရပါတယ်။

ကလေး-ဂန့်‌ဂေါလမ်း  ကျွန်းချောင်းတံတားအရှေ့ဘက်မှာ  ဒီနေ့ ညနေ ၃ နာရီ မိနစ် ၅၀ လောက်က တကြိမ် ညန  ၄ နာရီလောက်မှာ  စုစုပေါင်း ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ပုလဲပြည်သူ့ ကာကွယ်ရေး တပ်မဖွဲ့ ခေါင်းဆောင်  ‌ဗိုလ်နဂါးကပြောပါတယ်။ 

“ကျနော်တို့ ပုလဲမြို့နယ်အတွင်းကို ကလေး-ဂန့်‌ဂေါဘက်မှ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို ရှေ့ပြေးခြေလျင်တပ်ဖွဲ့ဝင်အင်အား ၅၀ လောက်နဲ့  လက်နက်ငယ်တွေနဲ့ သူတို့ ပစ်ခတ်ရင်း ချီတက်လာခဲ့တယ်။ ၅၉ မိုင်နဲ့ အင်တောပြန့်အကြား ကျွန်းချောင်း တံတားအရှေ့ဘက်အ‌ရောက်မှာ ကျနော်တို့  ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၅) ရဲဘော်မောင်ဝေ ဦးဆောင်တဲ့ ပြောက်ကျားတပ်ဖွဲ့က မိုင်းကြီး ၇လုံးခွဲပြီး စတင်တိုက်ခိုက်ခဲ့တယ်။  အကြမ်းဖက်တပ်ဖွဲ့ဝင် ၇ ဦးကျဆုံးတယ်ဗျ။” 

အဆိုပါနေရာမှာပဲ မိနစ်ပိုင်းအတွင်း နောက်ထပ် ဒုတိယအကြိမ် မိုင်းခွဲ တိုက်ခိုက်ခဲ့ တယ်လို့လည်း ဗိုလ်နဂါးက ပြောပါတယ်။

“ဒုတိယအကြိမ်လည်း အဲဒီနေရာမှာပဲထပ်‌ဖြစ်တယ်။ သူတို့က ပထမမိုင်းဆွဲလို့ကျဆုံးတဲ့ သူတွေရဲ့ အလောင်းကိုကောက်နေတဲ့အချိန် နောက်ထပ်မခွဲရသေးတဲ့ မိုင်းကြီး ၁၀ လုံးရယ်၊ တဖက်ပွင့် တာဝေးပစ် ၅ ပြောင်းနဲ့ပစ်လိုက်တယ်။”

စစ်ကောင်စီတပ်တွေက နိုဝင်ဘာလဆန်းပိုင်းကတည်းက  ပုလဲမြို့နယ်ကို ထိန်းချုပ်နိုင်ဖို့ရာ စစ်သားအင်အား အလုံးအရင်းနဲ့ စစ်ဆင်နေတာဖြစ်ပြီး စစ်ကောင်စီတပ်တွေ လာတိုင်း ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောက်ကျားတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်တွေ အကျအဆုံး အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကလည်း ပုလဲ PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၇၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်အင်အားအများစုကို ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ယင်းမာပင်၊ ပုလဲ၊ ကနီ စတဲ့မြို့နယ်တွေကို စေလွှတ်နေတယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ် MPDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။

မုံရွာမြို့မှာ စစ်သားအင်အား ၂၀၀ နဲ့ ၅၀၀ အကြားပဲ စစ်ကောင်စီက ချန်ထားခဲ့ပြီး တခြားမြို့နယ်တွေကို ထိုးစစ်ဆင်ဖို့ကြိုးစားနေသလို စစ်ကိုင်းတိုင်းအတွင်းမှာ ခြေလျင်တပ်တွေကို လေကြောင်းကနေ နေရာချထားတာတွေပြုလုပ်နေပါတယ်။

မုံရွာမြို့က စစ်အင်အားတွေကို ပုလဲမြို့နယ်ကို စေလွှတ်နေတာမှန်ကန်ပြီး စစ်ကောင်စီက မုံရွာကနေ လေကြောင်းပစ်ကူတွေကိုပါ ပြင်ဆင်နေတယ်လို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးကပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ယင်းမာပင်မြို့နယ်တွေမှာလည်း ရဟတ်ယာဉ်တွေအသုံးပြုပြီး တပ်သားတွေကို နေရာချနေသလို လေကြောင်းကနေ အကြမ်းဖက်ပစ်ခတ်တာတွေလည်းပြုလုပ်ခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ်မှာ စစ်သားအင်အား ၂၀၀ ဝန်းကျင်အသုံးပြုပြီး မြို့နယ်အတွင်းက ကျေးရွာ ၂၀ လောက်ကို ဝင်ရောက်ကာ ဒေသခံ ရွာသားတွေကို ခြိမ်းခြောက်ဖမ်းဆီးအနိုင်ကျင့်နေတဲ့အတွက်  ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ ရွာတွေထဲကို ပြန်မဝင်ရဲသေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဒေသကို ၃ လအတွင်းထိန်းချုပ်ဖို့ အနော်ရထာစစ်ဆင်ရေး အမည်နဲ့ ချင်း၊ စစ်ကိုင်း၊ မကွေးဒေသကို အင်းအားသုံး ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း နယ်မြေကျွမ်းကျင်မှုကို အသုံးချပြီး ပြောက်ကျားစနစ်နဲ့ ပြန်လည်ခုခံစစ်ဆင်နွှဲနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular