စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ တိုင်းရင်းဆေးရုံလမ်းမှာရှိတဲ့ “ခရေ” အမျိုးသမီးအဆောင်မှာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့ မနက် ၉ နာရီအချိန်က ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုဖောက်ကွဲခံရတဲ့ ခရေအဆောင်ဟာ မုံရွာတက္ကသိုလ်ကျောင်းသူ အများစု ငှားရမ်းနေထိုင်တဲ့ အမျိုးသမီးအဆောင်ဖြစ်ပြီး ဗိုလ်ချုပ်ဉာဏ်ထွန်းဆိုသူ ပိုင်ဆိုင်တယ်လို့လည်း ဒေသခံတချို့က ဆိုကြပါတယ်။
“သူက စစ်ဗိုလ်ချုပ် တစ်ယောက်ဖြစ်သလို ကနီမြို့နယ်ကြံ့ခိုင်ရေးပါတီကနေ ၂ ကြိမ်ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ ပြည်သူ့လွှတ်တော်ကနေ ။ သူ့ရဲ့သား၊သမီးတွေကလည်း Non-CDM တွေဆိုတော့ အခုလို ဖောက်ခွဲခံရတာ ဖြစ်နိုင်တယ်”လို့ ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီး နေထိုင်သူ ဒေသခံ တစ်ဦးက ထင်မြင်ချက်ပေးပါတယ်။
မုံရွာမြို့မှာတော့ “ခရေ” အမည်နဲ့ တိုင်းရင်းဆေးရုံလမ်းမှာ တစ်ဆောင်၊ ကျောက္ကာလမ်းနဲ့ စီပွားရေးတက္ကသိုလ် နားမှာ တစ်ဆောင် ရှိပါတယ်။
ဒီနေ့ဖောက်ခွဲမှုကို မုံရွာမြို့ပေါ် UG အဖွဲ တစ်ဖွဲ့ဖြစ်တဲ့ မုံရွာသံမဏိအဖွဲ့က လုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။