စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းပြီး ပြည်သူ ၇ ယောက်ကို ဖမ်းဆီးသွားသလို အဆောက်အဦ ၁ လုံးလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့်လောက်က ချင်းတွင်းမြစ်ကြောင်းအတွင်းကနေ သံဘိုကျေးရွာအတွင်းကို ဝင်ရောက်ခဲ့တာဖြစ်ပြီး သံဘိုကျေးရွာအပါဝင် အနီးနားရှိကျေးရွာတွေက ပြည်သူတွေပါ ကြောက်လန့်တကြီးထွက်ပြေးကြရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
သံဘိုကျေးရွာမှာ People's Defence Army(Yinmarbin) အဖွဲ့ ဝင်တွေ ခိုအောင်းနေတယ်ဆိုတဲ့အထင်နဲ့ ဝင်လာကြတာလို့သိရပြီး ရှာမတွေ့လို့ ကျေးရွာတွင်းက အမျိုးသား ၇ ဦးလောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
သံဘိုကျေးရွာဟာ ချင်းတွင်းမြစ်ကမ်းနံဘေးမှာတည်ရှိတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ မနက်ပိုင်း ၉ နာရီခွဲလောက်က ဝင်ရောက်လာခဲ့တာဖြစ်ပြီး ညနေခင်းပိုင်းရောက်မှ ကျေးရွာအတွင်းကနေ ထွက်ခွာသွားပါတယ်။