ကမ္ဘောဒီးယား ရဲတွေ ဆန္ဒပြကျောင်းသားတွေကို ရှင်းလင်း

ရာနဲ့ချီတဲ့ ကမ္ဘောဒီးယား အဓိကရုဏ်း နှိမ်နင်းရေးရဲတွေနဲ့ တပ်ထိန်းရဲတွေဟာ မြို့တော်ဖနွမ်းပင်က လွတ်လပ်ရေးပန်းခြံထဲက ကျောင်းသားတွေကို ဇန်န၀ါရီ ၉ ရက်နေ့က ရှင်းလင်းနေတာပါ။ အရင်အပတ်က လူသေတဲ့ ရုန့်ရင်းဆန်ခတ်မှုအတွင်း သေဆုံခဲ့သူတွေအတွက် တရားမျှတမှုကို တောင်းဆိုဖို့ စီတန်း လှည့်လည် ဆန္ဒပြပွဲကို စတင်နေချိန် ခုလို ရှင်းလင်းတာ ဖြစ်ပါတယ်။ CAMBODIA PROTESTခမာကျောင်းသားများနဲ့ ပညာတတ်များ လှုပ်ရှားမှုအဖွဲ့က ကျောင်းသားတွေက ပန်းခြံတွင်း ဆန္ဒပြဖို့ စီမံခဲ့တာပါ။ လူ ၄ ယောက် သေဆုံးခဲ့တဲ့ ဆန္ဒပြမှု နှိမ်နင်းရေးအပြီးမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေ အားလုံးကို ကမ္ဘောဒီးယားအစိုးရက ပိတ်ပင် ထားပါတယ်။ ဒါပေမယ့် သပိတ်မှောက်နေဆဲ အထည်ချုပ်လုပ်သားတွေကတော့ ဆန္ဒပြမှုတွေ ဆက်လုပ်မယ်လို့ ကတိပြုထားပြီး အတိုက်အခံပါတီကလဲ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဆက်လုပ်မယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူ အများအပြားကတော့ နောက်ထပ် ပဋိပက္ခတွေ ပိုဖြစ်လာမယ့် အလားအလာတွေကို စိုးရိမ်နေပါတယ်။ ကမ္ဘောဒီးယား လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ရဲ့ အကြီးတန်း စုံစမ်းစစ်ဆေးသူ ချန်ဆိုဗဲ့သ်ကတော့ အစိုးရကို လူ့အခွင့်အရေး လေးစားဖို့ မေတ္တာရပ်ခံ ထားပါတယ်။ မတူတဲ့အမြင်တွေကို ဖော်ပြတဲ့အစည်းအဝေးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားမှုတို့ရဲ့ အနှစ်သာရပဲ။ အစိုးရက ခုလို အဆုံးသတ်ရင်တော့ ကွန်မြူနစ်နိုင်ငံဆိုတဲ့ အဓိပ္ပာယ်ပဲလို့ သူက ပြောပါ တယ်။ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီ (စီအန်အာရ်ပီ)ကတော့ အစိုးရဟာ အာဏာကို လိမ်ယူထားပြီး သင့်တော်တဲ့ လုပ်ခလစာ မပေးဘဲ ပိတ်ဆို့ထားတယ်လို့ ပြောပြီး စိန်ခေါ်ထားပါတယ်။

//
More News
Up