Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ် မုဒိမ်းမှု စစ်ကောင်စီတပ် ဝန်ခံ၊ ထိရောက်ပြင်းထန်စွာ အရေးယူမည်ဟုဆို
DVB
·
November 12, 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်မှာ  ဒေသခံ အမျိုးသမီးကြီး တစ်ယောက်ကို စစ်ကောင်စီတပ်သားတယောက်က အဓမ္မပြုကျင့်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၁၁ ရက်မှာ သတင်းထုတ်ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့  စစ်သည်ကို စစ်စည်းကမ်းအရ အရေးယူ နိုင်ရေးဖို့အတွက် အများပြည်သူရှေ့မှောက် တရားစီရင်မှု (Open Court) စစ်တရားရုံးနဲ့ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစစ်ဆေးသွားမှာဖြစ်ပြီး ပြစ်မှုကျူးလွန်သူကို ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာရှိ အမျိုးသမီးတယောက်ကို  စစ်သည်တယောက်က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့မှုကို အရေးယူပေးစေလိုကြောင်း ဒေသခံတချို့က တိုင်ကြားလာတဲ့အတွက်  သက်ဆိုင်ရာနယ်မြေသို့ တာဝန်ရှိတွေ စေလွှတ် စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

စိစစ်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၇ ရက် နေ့လယ် ၂ နာရီလောက်က တပ်သားအဆင့်ရှိ မင်းမင်းစိုး၊ ကျော်မျိုးဝေနဲ့ မိုးဝင်း တို့သုံးယောက်ဟာ အခြေပြုနေရာမှ သောက်သုံးရေသွားရောက် ခပ်ယူစဉ် ရေဆိပ် အနီးရှိ တောင်ယာတဲအတွင်းမှ ခြံစောင့် အမျိုးသမီးတယောက်ကို  တပ်သား မင်းမင်းစိုး က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း ကနဦးဖော်ထုတ် သိရှိခဲ့တယ်လို့  စစ်တပ်သတင်းထုတ် ပြန်ချက်ကဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာအုပ်စု၊ အဝေးပြေးလမ်းမဘေး ဖာခေတ်ကျေးရွာက  အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး တယောက်ကို စစ်ကောင်စီတပ် ခလရ ၃၃၆ မှ တပ်သား တယောက်က နိုဝင်ဘာ ၇ ရက် နေ့ မွန်းလွဲပိုင်းက အဓမ္မပြုကျင့်ခဲ့တာလို့ ဒေသတွင်းသတင်းတွေမှာ ရေးပါတယ်။  

အခင်းဖြစ်ပွားတဲ့ ခြံမှာ အမျိုးသမီး ၃ ယောက် ခြံစောင့်နေကြတာဖြစ်ပြီး  အမျိုးသမီး၂ ယောက်က အနီးနား မိတ်ဆွေအိမ်သို့ အလည်အပတ်သွားနေတဲ့အတွက် အမျိုးသမီးကြီး တယောက်တည်း  ရှိနေစဉ် စစ်ကောင်စီ တပ်သား ၃ ယောက်ရောက်ရှိလာကာ အဓမ္မပြုကျင့်ခဲ့တာလို့လည်း ကချင် သတင်းတွေမှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024