ပဲခူးတိုင်း၊ ပြည်မြို့က အမှတ် ၁ ရဲစခန်းမှာ နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်က လက်လုပ်ဗုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ညနေပိုင်းက အမှတ် ၁ ရဲစခန်းထဲက ပေါက်ကွဲသံကြားလိုက်တယ်။ ရဲတွေ ဘာဖြစ်ကုန်လည်းတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကို ပြည်မြို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (PUGF) အဖွဲ့ ၃ က လုပ်ဆောင်ခဲ့တာဖြစ်တာဖြစ်ပြီး လူနေအိမ်တွေနဲ့ နီးကပ်နေတာကြောင့် ပေါက်ကွဲမှုပြင်းအားကိုလျှော့ချခဲ့ကြောင်း၊ အဖွဲ့သားအားလုံး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ အတည်ပြု ပြောဆိုပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိခိုက်ပျက်ဆီးမှုကို အသေးစိတ်သိရှိနိုင်ဖို့ ပြည်မြို့ အမှတ် ၁ ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိတဲ့အတွက် ထိခိုက်ပျက်ဆီးမှု အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က ပြည်ခရိုင်ဘောလုံးကွင်းဘေးက လေးထပ်ပြင်ဘောလုံးကွင်းမှာ အကြမ်းဖက်စစ်တပ်က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲစုရပ်ကို PUGF အဖွဲ့ ၅ က ဗုံးဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။