Home
မြန်မာသတင်း
မောင်တောမြို့နယ်မြောက်ပိုင်းတွင် အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်နေ
DVB
·
November 11, 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်မြို့နယ်ခွဲအပိုင် ငါးရန့်ချောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ အေအေတို့  နိုဝင်ဘာ ၁၁ ရက်  ဒီမနက် ၁၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

"ဒီနေ့မနက် ၁၁ နာရီကစပြီး ငါးရန့်ချောင်းဘက်ကနေ  လက်နက်ကြီး လက်နက်ငယ်သံတွေ ထွက်ပေါ်နေပါတယ်။ အပြန်အလှန်ပစ်နေကြတာပါ။ ကြားသိရတာကတော အေအေနဲ့ တပ်မတော် ဖြစ်နေတယ်လို့သိရတယ်။" လို့ ခမောင်းဆိပ်ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာရ သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

အခုတိုက်ပွဲ ဖြစ်ပွားတဲ့ ငါးရန့်ချောင်းကျေးရွာဟာ အရင်က အိန္ဒိယ မဏိပူရ်နယ်မှ ကသည်းလူမျိုးတွေ နေထိုင်ခဲ့ကြတဲ့ ကျေးရွာဟောင်းဖြစ်ပါတယ်။ 

၂၀၁၇ အကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက်  ထိုငါးရန့်ချောင်းကျေးရွာရှိ ကသည်းလူမျိုးတွေ မင်းခမောက်ကျေးရွာအနီးသို့ နေရာပြောင်းရွေ့သွားကြပြီးနောက် အခါမှာ  ရွာမှာ နယ်ခြားစောင့်တပ်စခန်းသာရှိတော့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ ညကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်ကျေးရွာဘက်မှာ သေနတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၉ ရက် မနက် ၁၁  နာရီလောက်က  မောင်တောမြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  အေအေပြောခွင့်ရသူ ခိုင်သုခက အတည်ပြု ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မောင်တောမြို့နယ်မြောက်ပိုင်းသို့ တပ်အင်အားအလုံးအရင်း အင်အားဖြည့်နေကြကာ တပ်စခန်းတွေမှာ လက်နက်ကြီးတွေ နေရာချထားတယ်လို့လည်း အနီးနားက ကျေးရွာသားတွေက ပြောပါတယ်။

"ထိတွေတိုက်ပွဲဖြစ်ပွားပြီးနောက်မှာ အင်အားအလုံးအရင်းတိုးချလာတာတွေ့ရတယ်။ နောက်ပြီး တပ်စခန်းတွေအားလုံးနီးပါးမှာ လက်နက်ကြီးတွေချထားပြီးအသင့်ပြင်ထားတာတွေ့ရတယ်။"  ဒေသခံ တဦးက ပြောပါတယ်။

စစ်တပ်နဲ့ အေအေတို့အကြား အန်အယ်လ်ဒီအစိုးရလက်ထက်  ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်ကာ ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမတိုင်ခင် ရုတ်တရက်ဆိုသလို တိုက်ပွဲတွေရပ်သွားခဲ့ပါတယ်။  အပစ်အခတ်ရပ်စဲမှု ၁ နှစ်ပြည့်ပြီးနောက် တိုက်ပွဲပြန်လည်ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024