နေပြည်တော်က မြို့မဈေးအပေါ်ထပ်မှာရှိတဲ့ စည်ပင်ရုံးမှာ နိုဝင်ဘာလ ၁၀ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“ဗုံးပေါက်သံကအကျယ်ကြီးပဲ မှန်ကွဲစတွေအများကြီးလွင့်လာတယ်။ ကျွန်တော်တို့လည်း ဆိုင်ပိတ်ပြီး ပြန်ရတာပေါ့။ ဘာဖြစ်ကြလည်းမသိတော့ဘူး” လို့ စျေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
အခုဗုံးဖောက်ခွဲမှုဖြစ်စဉ်ကို NayPyiTaw-PDF က လုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၆ ရက်နေ့ကလည်း ချင်းရွာက ဥတ္တရသီရိ လျှပ်စစ်ရုံးကိုလည်း ဖောက်ခွဲမှုပြုလုပ်ခဲ့တယ်လို့ NayPyiTaw-PDF တာဝန်ခံက အတည်ပြုပြောပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ မြို့မစျေးစည်ပင်ရုံးကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိလို့ သေဆုံးထိခိုက်ဒဏ်ရရှိမှုကိုသိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။
ပြီးခဲ့တဲ့ အောင်တိုဘာ ၁၅ ရက်နေ့ကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့နယ်က စစ်ကောင်စီရဲ့ မြဝတီဘဏ် ဗုံးခွဲခံရတာကြောင့် ဘဏ်ရှေ့မှာစောင့်နေတဲ့ အစောင့်စစ်သား ၂ ဦးသေဆုံးသွားတယ်လို့ Nay Pyi Taw - PDF တာဝန်ခံ ဗိုလ်ငွေစိုးက ပြောဆိုပါတယ်။