ပြည်တွင်း သစ်လုပ်ငန်းရှင်များ အစိုးရ အကူညီ လိုအပ်

ပြည်တွင်းသစ်အခြေခံ စက်မှုလုပ်ငန်းတွေအနေနဲ့ ဒီနှစ်ဟာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရမယ့် နှစ်ဖြစ်တာကြောင့် အစိုးရအနေနဲ့ ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။ အစိုးရက လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီလ ၁ ရက်နေ့ကစပြီး သစ်ထုတ်လုပ်မှုကို လျှော့ချတော့မှာဖြစ်လို့ ပြည်တွင်းသစ်အချောထည် လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလည်ပတ်ဖို့ ကုန်ကြမ်းလိုအပ်ချက် ရှိနေကြတယ်လို့ ဆိုပါတယ်။ woodဒီအတွက် လိုအပ်တဲ့ သစ်ကုန်ကြမ်းတွေကို ပြည်ပနိုင်ငံတွေဆီကနေ တင်သွင်းရမှာဖြစ်လို့ အစိုးရအနေနဲ့ မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးပေးစေလိုကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဘာဘာချိုက ဒီဗွီဘီကို ပြောပါတယ်။ “အဓိက အချက်ကတော့ ကုန်ကြမ်း ကိစ္စပေါ့နော်။ ကုန်ကြမ်းကိစ္စက ဦးတို့လက်ခံပါတယ်။ ဦးတို့ လိုသလောက် ပေးဖို့ နိုင်ငံတော်မှာ တာဝန်မရှိပါဘူး။ ဘာလို့လဲဆိုတော့ သစ်တောဆိုတာ သူထွက်နိုင်သလောက်ပဲ ထုတ်ပါ။ အဲဒီအတွက် လိုအပ်တဲ့ သစ်တွေကို နိုင်ငံခြားက သွင်းရမယ်။ သွင်းတဲ့အခါမှာ တင်သွင်းနိုင်အောင် နိုင်ငံတော်က ပံ့ပိုးပေးဖို့ လိုပါတယ်။ အခွန်တွေ လျော့ပေးမယ်။ နောက်တခါ ပရိဘောဂရုံတွေမှာ သုံးတဲ့ ပစ္စည်းတွေ တင်သွင်းတဲ့အခါမှာ အထူးအခွင့်အရေးတွေ ပေးမယ်ပေါ့နော်။” ဒီ့အပြင် ပြည်တွင်းသစ် အခြေခံစက်မှုလုပ်ငန်းနယ်ပယ်မှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေက အခုဘဏ္ဍာနှစ်အတွင်း ၀င်ရောက်လာတဲ့အတွက် ပြည်တွင်း သစ်လုပ်ငန်းရှင်တွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။ ဒီ့အတွက် ပြည်တွင်းလုပ်ငန်းရှင်နဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေ အကြားမှာ အခွင့်အရေး ညီမျှတဲ့ မူဝါဒတခုဖြစ်ရေးအတွက် အစိုးရက ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့လည်း ပြည်တွင်းသစ် အခြေခံစက်မှုလုပ်ငန်းရှင်တွေ ရှင်သန်နိုင်ဖို့ အတွက် လိုအပ်တဲ့ပံ့ပိုးမှုတွေကို အကောင်အထည် မြန်မြန် ဖော်ပေးစေလိုပါတယ်လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံပရိဘောဂ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးခင်ကိုလတ်က ပြည်တွင်း သစ်အခြေခံ စက်မှုလုပ်ငန်းရှင်တွေ အကျပ်အတည်း မရှိရအောင် ယခင်အစိုးရ လက်ထက်တုန်းက ဆောင်ရွက်ပေးခဲ့တာဖြစ်လို့ အခုအစိုးရလက်ထက်မှာလည်း လုပ်ဆောင်ပေး လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ “လုပ်ငန်းရှင်တွေကို ထိခိုက်စေချင်တဲ့ သဘောမရှိဘူး။ အဆင်မပြေပြေအောင်တော့ လုပ်ထုံး လုပ်နည်းတခု ချပေးလိုက်တာပေါ့ဗျာ။ အဲဒီလောက်ပဲ အကြမ်းမျဉ်းပြောပါရစေ။ အဆင်ပြေပါတယ်။ အတိုင်းအတာ တခုအထိ ပြေခဲ့တယ်ပေါ့။ ” မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်မှုနဲ့ပတ်သတ်လို့ ပြီးခဲ့တဲ့ နှစ်တွေမှာဆိုရင် တနှစ်ကို ကျွန်းသစ်က (ဟော့ပေါ့စတန်) တန်ချိန် ၃ သိန်း နဲ့ သစ်မာက (ဟော့ပေါ့စတန်) တန်ချိန် ၂ သန်း ခုတ်လှဲမှုတွေ ရှိခဲ့ပြီးလာမယ့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က စလို့ တနှစ်ကို ကျွန်းသစ်က (ဟော့ပေါ့စတန်) တန်ချိန် ၆ သောင်းနဲ့ သစ်မာက (ဟော့ပေါ့စတန်) တန်ချိန် ၁ ဒဿမ ၂ သန်းကျော် ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ ၀န်ကြီးဌာနက ခန့်မှန်းထားပါတယ်။ အသံဖိုင်နားဆင်ရန်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up