Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး တပ်မတော် ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံတိုက်တွန်း
နော်နိုရင်း
·
January 8, 2014
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တပ်မတော်သားတွေ ပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖလမ်းမြို့ လူထုဟောပြောပွဲမှာ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ 1DASSK Chin trip 07012014အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖလမ်းမြို့ ပြည်သူတွေကို မိန့်ခွန်းပြောကြားစဉ် အန်အယ်ဒီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်လိုတဲ့ သဘောထားကို ပြောဆိုခဲ့ပြီး ဒီလို ပြင်ဆင်ရာမှာလည်း တပ်မတော်သားတွေအနေနဲ့ ပါဝင်ဖို့ စည်းရုံးပြောဆိုခဲ့ပါတယ်။ “ခေါင်းဆောင်ဆိုတာ တပ်မတော် ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးခေါင်းဆောင်ပဲဖြစ်ဖြစ် နောက်ဆုံးတော့ ပြည်သူကို လုပ်ကျွေးဖို့၊ ပြည်သူကို ကူညီဖို့၊ ပြည်သူရဲ့ ဆန္ဒတွေကို ဖော်ထုတ်ပေး ဖို့ဆိုတဲ့ တာဝန်ကျေပွန်နိုင်မှ တကယ့်ခေါင်းဆောင် အစစ်ဖြစ်တယ်ဆိုတာ ကျမတော့ ဒီလိုပဲ နားလည်တယ်။ တပ်မတော်အနေနဲ့လည်း ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်း ပေးပါ။ ပြည်သူတွေရဲ့ ဆန္ဒဆိုတာ ဘာတွေလဲဆိုတာ သေသေချာချာ လေ့လာပါ။ လေ့လာပြီး သိတဲ့အခါမှာ ဒီဆန္ဒတွေ ပြည့်ဝဖို့အတွက် အတတ်နိုင်ဆုံးလုပ်ပေးကြပါလို့ ကျမ ဒီလိုပဲ ဆော်သြချင်တယ်။ လုပ်ပေးရမှာ တပ်မတော်သားများရဲ့ တာဝန်ဖြစ်သလို ဒီတာဝန်ကို ကျေပွန်ခြင်းအားဖြင့် တပ်မတော်အတွက်လည်း အင်မတန်မှ ကောင်းကျိုးတွေ ရနိုင်ပါတယ်။ ပြည်သူတွေကနေပြီး လေးစားလာမယ်။ ချစ်ခင်လာမယ်။ ပြည်သူတွေရဲ့ လေးစားချစ်ခင်မှုနဲ့ ကျမတို့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့နေရာမှာ တပ်မတော်ကိုလည်း ပါစေချင်တယ်လို့ ပြောတာပါ။” ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားခေါင်းဆောင်တွေဟာ သူ့ရဲ့ မိသားစုကို ဘယ်တုန်းကမှ ပစ်မထားခဲ့တဲ့အတွက် တိုင်းရင်းသားတွေကို ဘယ်တောမှ ပစ်ထားမှာ မဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ “ကျမက ဗမာတိုင်းရင်းသားမို့လို့ ဗမာတွေတိုင်းလည်း ကျမတို့ဘက်က ရပ်တည်နိုင်လိမ့်မယ်လို့ ကျမ ဘယ်တော့မှ မယုံကြည်ဘူး။ ဗမာနဲ့ ချင်းနဲ့ ကချင်နဲ့ ကရင်နဲ့ ရှမ်းနဲ့ ဒီလိုခွဲခြားပြီးလည်း မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမ ငယ်ငယ်ကလေးကတည်းက မိသားစုနဲ့ အင်မတန်မှ ခင်လာပြီး ကူညီပေးတဲ့ ဖေဖေ့ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေထဲမှာ အရှေ့က ရှိနေတာ တိုင်းရင်းသားတွေပဲ။ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ကျမတို့ မိသားစုကို ဘယ်တော့ ပစ်မထားခဲ့ဘူး။ ဒါကြောင့်မို့လို့ ကျမကလည်း တိုင်းရင်းသားတွေကို ဘယ်တော့မှ ပစ်မထားပါဘူးလို့ ပြောပါရစေ။ တနည်းအားဖြင့် ပြောရရင် မေတ္တာတရားအပြင် ကျေးဇူးတရားအရ ကျမတို့ တိုင်းရင်းသားတွေနဲ့ အတူတူ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့အတွက် လက်တွဲပြီးခေါ်ယူမှာပါ။” ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ် ဖလမ်းမြို့ကို ဒီနေ့ နေ့ခင်း ရောက်ရှိခဲ့ပြီး နေ့ခင်း ၂ နာရီလောက်မှာ ဖလန်းလူထုတွေကို မိန့်ခွန်းပြောကြားခဲ့တာပါ။ ဟောပြောပွဲကို ဖလမ်းပြည်သူ ၁၅၀၀ လောက် တက်ရာက်ခဲ့ပြီး ၉၉ ရာခိုင်နှုန်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ဆန္ဒမဲပေးခဲ့ကြပါတယ်။ ဒီဟောပြောပွဲပြီးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟားခါးမြို့ကို ခရီးဆက်ပြီး မနက်ဖြန် ၉ ရက်နေ့မှာ ဟားခါး ပြည်သူတွေကို မိန့်ခွန်းပြေကြားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဆန္ဒ ကောက်ခံပွဲနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ခရီးစဉ်ကို ဇန်န၀ါရီလ ၆ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တလျှောက်လုံး လူထုက သောင်းသောင်းဖြဖြ ကြို ဆိုခဲ့ကြသလို နယ်မြေခံ အာဏာပိုင်တွေကလည်း လုံခြုံရေး ယူပေးတာ တွေ့ရတယ်လို့ ခရီးစဉ်ကို လိုက်ပါသတင်းယူနေတဲ သတင်းထောက်တဦးက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ်တုန်းက ချင်းပြည်နယ်ကို ရောက်ခဲ့ဖူးပြီး အခုခရီးစဉ်က ဒုတိယအကြိမ် ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024