စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ငမောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF အဖွဲ့တို့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့အင်အား ၁၀၀ ကျော်လောက် ဒီနေ့မနက် ၁၀ နာရီခွဲလောက် ငမောင်းကျေးရွာဘက်ကို မိုင်းရှာဖွေရှင်းလင်းရေး လာရောက်စဉ် PDF အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
၁ နာရီဝန်းကျင်လောက် နှစ်ဖက် အပြန်လှန်ပစ်ခတ်ခဲ့ကြပြီး ထိခိုက်ကျဆုံးမှု အခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ ယင်းမာပင်ဘက်ကို ပြန်လည်ထွက်ခွာသွားကာ အင်အားဖြည့်တင်းရေး လုပ်ဆောင်နေကြောင်း၊ တဖက်နဲ့ တဖက် အခြေအနေ စောင့်ကြည့်နေတဲ့အဆင့် ဖြစ်သလို ပြန်လည်တင်းမာလာနိုင်ကြောင်း၊ ဒေသခံပြည်သူတွေကတော့ နေအိမ်တွေမှာ မနေရဲဘဲ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ယင်းမာပင်မြို့နယ် တယ်ပင်ကန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ PDF အဖွဲ့တို့ဟာ နိုဝင်ဘာ ၉ ရက်နေ့ကလည်း ဖက်နဲ့တဖက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှုတွေရှိခဲ့ပြီး ခရီးသွားပြည်သူ ၂ ဦးကိုလည်း စစ်ကောင်စီတပ်က ရိုက်နှက်ပစ်သတ်တာ ခံခဲ့ရကြောင်း၊ အလောင်းကိုလည်း ခုချိန်ထိ သွားမကောက်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။