မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာမှာ နိုဝင်ဘာ ၉ ရက် ည ၇ နာရီခွဲလောက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဆန်းထွန်းဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ဇုတ်သုတ်ကျေးရွာက တိုက်နယ်ဆေးရုံအရှေ့မှာ ဦးဆန်းထွန်းဦး အပါအဝင် လူတချို့ စကားထိုင်ပြောနေစဉ် အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။
သေနတ်ပစ်ခတ်ခံရပြီးနောက် ဦးဆန်းထွန်းဦးဟာ သေနတ်ဒဏ်ရာ ၇ ချက်ရရှိပြီး၊ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဦးဆန်းထွန်းဦးဟာ ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီရဲ့ လူငယ်ရေးရာ တာဝန်ခံလည်းဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ အနိုင်ရရှိခဲ့ခြင်းတော့ မရှိပါဘူး။
ပစ်ခတ်မှုဖြစ်ပြီးနောက် ဘီးလင်းမြို့နယ်က ပြည်သူ့စစ်အဖွဲ့တွေက ဇုတ်သုတ်ကျေးရွာမှာ အော်ဟစ်ကြိမ်းမောင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘီးလင်းမြို့နယ်မှာတော့ ပြီးခဲ့တဲ့ မေလတုန်းက မြို့နယ်ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပါတယ်။