မိုးထိမိုးမိရွှေလုပ်သားများ နေပြည်တော်သမ္မတရုံးထိ ချီတက်

မိုးထိမိုးမိ ရွှေလုပ်သားများ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆန္ဒပြနေစဉ်
1K
မန္တလေးတိုင်း ရမည်းသင်းခရိုင်းက မိုးထိမိုးမိရွှေလုပ်သားတွေဟာ အသေးစားလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရဖို့ တောင်းဆိုထားကြပေမယ့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက မလိုက်လျောနိုင်ကြောင်း ပြောဆိုလိုက်တဲ့အတွက် နိုင်ငံတော်သမ္မတရုံးစိုက်ရာ နေပြည်တော်ထိ လမ်းလျှောက် ဆန္ဒပြနေကြပါတယ်။
[caption id="attachment_48831" align="alignleft" width="300"]
မိုးထိမိုးမိ ရွှေလုပ်သားများ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆန္ဒပြနေစဉ်[/caption]ဇန်န၀ါရီ ၅ ရက်နေ့မှာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ရွှေလုပ်သားတွေရဲ့ တောင်းဆိုမှုတွေကို မလိုက်လျောနိုင်တဲ့အချက် ၉ ချက်ပါ စာ ၁ စောင်ကို သပိတ်စခန်းရှိတဲ့ ရွှေမြင်တင်စခန်းကို ပေးပို့ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ မိုးထိမိုးမိလုပ်သားတွေဟာ ဆန္ဒပြဖို့ ဆုံးဖြတ်ပြီး ဇန်န၀ါရီ ၇ ရက်နေ့က သပိတ်စခန်းရှိတဲ့ ရွှေမြင်တင်တောင်ကနေ နေပြည်တော်ထိ လမ်းလျှောက် ဆန္ဒပြဖို့ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ဇန်န၀ါရီ ၇ ရက်နေ့ မြန်မာစံတော်ချိန် ၄ နာရီကျော်မှာ ရမည်းသင်းမြု့နယ် သိမ်ဂုံးရွာ ကို ရောက်ရှိခဲ့ကြပါတယ်။
သပိတ်စခန်းကို ၀ိုင်းထားတဲ့ ရဲတွေ ရှိပေမယ့် သူတို့ ထွက်လာတဲ့အချိန်မှာ တာဆီးတာ မျိုး မရှိပေမယ့် စောင့်ကြည့်နေကြတယ်လို့ ဆန္ဒပြခေါင်းဆောင် ဦးရဲရင့်ထွန်းက ပြောပါတယ်။
“သမ္မတပြောတဲ့ စကားနဲ့အညီ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆိုတာ တကယ်တော့ ကျနော်တို့မှာ အလုပ်အကိုင် မရှိဘူး။ ဒီပြဿနာတွေကို မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့ပေါ်က ရှင်းမပေးလို့ ရှင်းပေးလို့ရတဲ့ နေရာကို လမ်းလျှောက်ထွက်ခွာလာတာ ဖြစ်တယ်။”
ရွှေလုပ်သားတွေဟာ တနိုင်တပိုင်း ရွှေတူးဖော်ခွင့် မရရှိလို့ အစားအသောက် အခက်အခဲတွေလဲ ကြုံတွေ့နေရတယ်လို့ ပြောကြပါတယ်။
ရွှေလုပ်သားတွေဟာ အင်းအက်တာများ ယခင်ပုံစံအတိုင်း ဆက်လက်လုပ်ကိုင်ခွင့်ရရှိရေး၊ ကုမ္ပဏီမှ တင်းကျပ်သည့် စည်းမျဉ်း၊ ဥပဒေများ ပြင်ဆင်ပေးရေး၊ ဈေးသည်၊ မှီခိုနဲ့ ရွှေလုပ်သားဆိုင်ကယ်ကယ်ရီများ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားခွင့် ရရှိရေးစတဲ့အချက်တွေကို တောင်းဆိုထားကြတာ ဖြစ်ပါတယ်။
ဒါတွေကို လိုက်လျောမှု မရှိတဲ့အပြင် အသေးစားလုပ်ငန်းတွေကို ပိတ်ခိုင်းပြီး လခစား လုပ်သားအဖြစ်သာ လုပ်ကိုင်စေတဲ့အတွက် မကျေမနပ်ဖြစ်ရာက ဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။
ဆန္ဒပြခေါင်းဆောင် ဦးဝင်းအောင်ကတော့ သူတို့ တောင်းဆိုတာတွေကို လုပ်မပေးရင် နေပြည်တော်ထိ သွားမယ်လို့ ခုလို ပြောပါတယ်။
“တောင်းဆိုတဲ့ ဟာတွေ တချက်မှ လိုက်လျော့ခွင့် မပေးဘူး။ အစ်ကိုတို့ တောင်းဆိုထားတဲ့ အစ်ကိုတို့ လုပ်ငန်းတွေ ပြန်လုပ်ရမှကို ဖြစ်မှာပါ။ ပြန်မလုပ်ရရင် အစ်ကိုတို့မှာ နောက်ထပ်ရင်းစရာလည်း မရှိတော့ဘူး။ နောက်ထပ် ပြန်စရာလည်း မရှိတော့ပါဘူး။ သမ္မတကြီး ဆီရောက်အောင် ချီတက်မှပဲ အစ်ကိုတို့ လုပ်ငန်းတွေ ပြန်ရမှာပါ။ သမ္မတကြီးမှပဲ ဖြေရှင်းနိုင်တော့ မှာလေ။ သမ္မတကြီး ပြောသလိုပေါ့ ဆင်းရဲမွဲတွေမှု ပပျောက်ရမယ်။ အကိုတို့မှာ ဆင်းရဲမွဲတေ ပပျောက်တာတင်မဟုတ်ဘူး။ ငတ်အောင် လုပ်တာလား။ အစ်ကိုတို့မှာ ရှိတဲ့ လုပ်ငန်းလေးတွေကို လက်မဲ့ဖြစ်အောင် လုပ်တာလေ။”
ပြီးခဲ့တဲ့နှစ် ကုန်ပိုင်းလောက်ကလည်း မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ ရွှေမြင်တင် သပိတ်စခန်းကနေ ဆင်းလာပြီး အမျိုးသားကြီးပွားရေးကုမ္ပဏီရှေ့မှာ ဆန္ဒပြဖို့ လာခဲ့ပေမယ့် ရဲအင်အား ၂၀၀ ကျော်နဲ့ ပိတ်ဆို့တားဆီးတာ ဖြစ်ပွားခဲ့ပြီး တဖက်နဲ့ တဖက် တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ ရွှေတူးလုပ်ငန်း အသေးစားလေးတွေ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ ဖိတ်ခေါ်လုပ်ကိုင်ခွင့် ပေးထားရာကနေ ဆက်လုပ်ခွင့် ပိတ်လိုက်တဲ့ အတွက် ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက စတင်ပြီး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတာပါ။