ကေအိုင်အေက ခေါ်သွားသည့် မန်စီရွာသားအချို့ ပြန်မရောက်သေး

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မန်ဖကျေးရွာက ရွာသားတွေ ပြန်မရောက်သေးဘူးလို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။ Mansikachinကချင်ပြည်နယ် မန်စီမြို့နယ်ထဲမှာ ကေအိုင်အေက ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ရွာသားတွေထဲက တချို့တလေသာ လွှတ်လာခဲ့ပြီး မန်ဖရွာသား ၁၇ ဦး ပြန်မရောက်သေးဘူးလို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမှာ ရှိတဲ့ ကေအိုင်အိုရဲ့ နည်းပညာထောက်ပံ့ရေးရုံးကို မေးမြန်းရာမှာ ရုံးအဖွဲ့တာဝန်ခံ ဦးဒေါင်းခါးက ဖမ်းထားသူအားလုံး ပြန်လွှတ်ပေးလိုက်ကြောင်း၊ လွှတ်ပေးလိုက်တဲ့ လူဦးရေနဲ့ နေ့ရက်အချိန်နဲ့ အသေးစိတ်ကိုတော့ ကေအိုင်အေ ဌာနချုပ်ကို မေးမြန်းဖို့ ပြောပါတယ်။ “ကျနော်တို့ဆီမှာ ရောက်လာတဲ့စာရင်းအရ ပုဂ္ဂိုလ်အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီ၊ ဖမ်းထားတယ်ဆိုတဲ့တာက ဘယ်သူကို ပြောတာလဲဆိုတာ ကျနော်တို့ မသိဘူး၊ ဘယ်နေ့က လွှတ်ပေးလိုက်သလဲဆိုတာတော့ သူတို့ ဟိုတခေါက်က စာပို့ထားတယ်လေ၊ စာပို့ပြီးတဲ့ နောက်ပိုင်း ချက်ချင်း အရေးယူပြီးတော့ ပြန်လွှတ်ပေးလိုက်တာ။ အတိအကျ သိချင်ရင် ရုံးချုပ်ကို မေးကြည့်လိုက်။ ကျနော်က မြစ်ကြီးနားမှာ ရုံးထိုင်တာဆိုတော့ နေ့ရက်နဲ့ အချက်အလက် အတိအကျကို ကျနော် မပြောနိုင်ဘူး။” ကေအိုင်အေဌာနချုပ်ကိုတော့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးစိုင်းထိန်လင်းကတော့ ပြန်လွတ်လာတဲ့သူတွေနဲ့ သွားတွေ့ရာမှာ အသက်ငယ်သူ၊ မသန်စွမ်းသူ နဲ့ စိတ်မနှံ့သူတို့ကိုသာ တွေ့ရှိခဲ့ပြီး မန်ဖွရွာသား ၁၇ ဦးဟာ ကေအိုင်အေ အင်ဘာပါတပ်စခန်းမှာ စစ်သင်တန်း တက်နေတယ်လို့ ပြောပါတယ်။ “မန်စီမြို့နယ် မန်ဖရွာကတော့ ဖမ်းထားတဲ့ ၂၁ ယောက်မှာ ၄ ယောက်ပဲ လွတ်တယ်။ ၄ ယောက်ဆိုတာ ၁ ယောက်က ခြေထောက်မကောင်းဘူး၊ တယောက်က ဦးနှောက်မကောင်းဘူး၊ နောက် ၂ ယောက်က တရုတ်ပြည်ဘက် ထွက်ပြေးသွားတယ်။ ၁၇ ယောက် ကျန်တယ်။ ၁၇ ယောက်က အခု အင်ဘာပါ တပ်စခန်းမှာ သူတို့ သင်တန်းဆင်းနေတယ်။ အင်ဘာပါ တပ်စခန်းဆိုတာ ကေအိုင်အေတပ်စခန်းလေ။ မန်စီမြို့နယ်ရဲ့ တောင်ဘက်မှာ ရှိတယ်။” ဖမ်းဆီးခံရွာသားတွေ ပြန်လွတ်လာရေးအတွက် သက်ဆိုင်သူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပေးဖို့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရဲ့ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဆီကို စာနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက အကြောင်းကြားထားတယ်လို့လည်း ဦးစိုင်းထိန်လင်းက ပြောပါတယ်။ ရွာသားတွေ လွတ်မြောက်ရေးအတွက် သူတို့ဘက်က ကြိုးစားနေတာကို သိလာတဲ့အတွက် အရင်က တပ်သား အဓမ္မစုဆောင်းခံခဲ့ရသူတွေလည်း သူတို့ဆီကို ထပ်မံ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အများအားဖြင့် ၀ိုင်းမော်၊ ရွှေကူ၊ မန်စီနဲ့ မိုးမောက် စတဲ့ မြို့နယ်ထဲက ဖြစ်ပြီး တောထဲ သစ်ခုတ်သွားရင်း၊ ရွှေကျင်ရင်း ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်းနဲ့ အချက်အလက် အပြည့်အစုံကို နောက်ထပ် စုဆာင်းနေတယ်လို့ သူက ဆက်ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ ရွာသားတွေ ပြန်လွှတ်ပေးရေးနဲ့ ဆက်ကြေး ကောက်ခံမှု ရပ်တန့်ရေးတို့အတွက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့ ဒေသခံရွာသားတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ကေအိုင်အို ဆက်ဆံရေးရုံးကို ချီတက်တောင်းဆိုဖို့ စီစဉ်ထားပေမယ့်လည်း ခွင့်ပြုမိန့်မရခဲ့တဲ့အတွက် မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်မှာပဲ ထောင်နဲ့ချီတဲ့ လူထု စည်းဝေးပွဲကြီးကို ကျင်းပခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up