ထောင်ချခံထားရသည့် ဂျော်ဂျီယာသမ္မတဟောင်း ထောက်ခံသူ ၃၀၀၀ ခန့် ဆန္ဒပြ

ဂျော်ဂျီယာနိုင်ငံမှာ ထောင်ချခံ သမ္မတဟောင်း မီခေးလ် ဆာကာရှဗီလီ အစာငတ်ခံ ဆန္ဒပြနေလို့ သူ့ကို ထောက်ခံသူတွေ အယောက် ၃၀၀၀ လောက်က နိုဝင်ဘာ ၆ ရက်က ထောင်အပြင်ဘက်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ ဆာကာရှဗီလီက စီစဉ်ဖန်တီးတဲ့ ညွှန်ကြားချက် အစိတ်အပိုင်းလို့ ဂျော်ဂျီယာ အစိုးရလုံခြုံရေးဌာနက ပြောပါတယ်။
လုံခြုံရေးတပ်တွေနဲ့ အတိုက်အခံ ထောက်ခံသူတွေကြား တင်းမာတဲ့ သောင်မတင် ရေမကျ အလားအလာတွေ ပေါ်ပေါက်နေပေမဲ့ မြို့တော် တီဘလစ်စီရဲ့ အရှေ့တောင်ဘက်က ရုစတာဗီ မြို့ထဲက ထောင်အပြင်မှာ ဆန္ဒပြပွဲတွေက ငြိမ်းငြိမ်းချမ်းချမ်း ရှိနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
ဆန္ဒပြပွဲကို စီစဉ်သူတွေက အစိုးရအဆောက်အအုံတွေကို ပိတ်ဆို့ဖို့ စီစဉ်ထားတယ်လို့ ရုရှား အခြေစိုက် တက်စ်သတင်းဌာနက အစိုးရလုံခြုံရေး ပြောခွင့်ရကို ကိုးကားပြောဆိုပါတယ်။
အသက် ၅၃ နှစ် အရွယ် ဆာကာရှဗီလီဟာ ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတာ ၁ လကျော် ကြာပြီလို့ သူ့ရှေ့နေတွေက ပြောပါတယ်။
ဒါပေမယ့် သူ ခွက်ငယ်ထဲကနေ ဇွန်းနဲ့ စားနေတဲ့ ရုပ်သံကို အကျဉ်းဦးစီးဌာနက နိုဝင်ဘာ အစောပိုင်းမှာ ရိုက်ကူးထားခဲ့ပြီး စနေနေ့မှာ ဖြန့်ချိခဲ့ပါတယ်။
ဆာကာရှဗီလီဟာ အောက်တိုဘာ နှောင်းပိုင်းမှာ သွေးသွင်းကုသခံခဲ့ရပြီး အောက်တိုဘာ ၃၀ မှာတော့ ဆေးဘက် အကြောင်းပြချက်အတွက် ထောင်ဆရာဝန်က သူ့ကို ဖျော်ရည်သောက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ပြောပါတယ်။
သူ့ကို ထောင်ထဲမှာ သွားကြည့်နေတဲ့ ကိုယ်စားလှယ်တွေနဲ့ ဂျော်ဂျီယာ လူ့အခွင့်အရေးအဖွဲ့က တော့ အကျဉ်းဦးစီးရဲ့ ပြောဆိုချက်ကို ပယ်ချပြီး ဆာကာရှဗီလီရဲ့ ပြောဆိုချက်ကို အတည်ပြုခဲ့ပါတယ်။