မြောက်ကိုရီးယာ၌ အမြောက်ပစ်ပြိုင်ပွဲ ကျင်းပ

မြောက်ကိုရီးယားစစ်တပ်က ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ဖို့ သီတင်းပတ်ကုန်ရက်မှာ အမြောက်ပစ် ပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ အစိုးရမီဒီယာက နိုဝင်ဘာ ၇ ရက်မှာ ကြေညာပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို နိုင်ငံတကာက ဝေဖန်ပြစ်တင်ပေမဲ့ တောင်ကိုရီးယား နဲ့ အမေရိကန်က အလားတူ လှုပ်ရှားရင် ဝေဖန်ပြစ်တင်တာ မလုပ်တဲ့အတွက် စံချိန် စံညွှန်း ၂ မျိုး ထားတယ်လို့ မြောက်ကိုရီးယားက မကျေမနပ် ပိုပြောလာချိန်မှာ ခုလိုလေ့ကျင့်တာပါ။

နိုဝင်ဘာ ၆ ရက်က စစ်ရေးလေ့ကျင့်တာလို့ အစိုးရရုပ်သံ KRT က ပြောပါတယ်။

လောလောဆယ်မှာ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားကို ဒဏ်ခတ်ထားပေမဲ့ မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယား လက်နက်တွေနဲ့ ပဲ့ထိန်းဒုံးကျည် လက်နက်တိုက်တွေကို နိုင်ငံတကာက နောက်ဆုံးမှာ လက်ခံလာဖို့ ရည်မှန်းပြီး ကာကွယ်ရေး လှုပ်ရှားမှုတွေကို ပုံမှန်လုပ်ဖို့ ကြိုးစားနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

အမြောက်ပစ်ပြိုင်ပွဲကို လက်ရှိအာဏာရ လုပ်သားပါတီရဲ့ ဗဟိုကော်မတီ အတွင်းရေးမှူးနဲ့ နိုင်ငံရေး ဗျူရို အမှုဆောင်ကော်မတီအဖွဲ့ဝင် ပတ်ခ်ဂျွန်ချုံက ကြီးကြပ်တယ်လို့ KRT က ပြောပါတယ်။

သူဟာ မြောက်ကိုရီးယားရဲ့ အားကောင်းတဲ့ စစ်တပ်မှာ အလားအလာ ကောင်းတဲ့ ကြယ်ပွင့်တရပ် အဖြစ် ရှုမြင်ခံထားရပြီး ဒုံးကျည် အစီအစဉ်မှာ အကြီးစား ပတ်သက်သူ ဖြစ်သလို စက်တင်ဘာကမှ လက်ရှိရာထူးကို ရထားတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

More News
Up