မသန်စွမ်း စစ်တုရင်ပြိုင်ပွဲတွင် အာဆီယံ ၇ နိုင်ငံ ပါဝင်မည်

နေပြည်တော်မှာ ကျင်းပပြုလုပ်မယ့် အာဆီယံ ပါရာဂိမ်း မသန်စွမ်း စစ်တုရင် အားကစားပြိုင်ပွဲမှာ အာဆီယံ ၇ နိုင်ငံ ၀င်ပြိုင်မှာဖြစ်ပြီး ရွှေရဖို့ မျှော်မှန်းထားပေမယ့် နိုင်ငံတိုင်းကို လျော့တွက်မရဘူးလို့ မသန်စွမ်းစစ်တုရင် ဆက်ဆံရေးအရာရှိက ပြောပါတယ်။

unnamed၀င်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံတွေကတော့ အိမ်ရှင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ ဖြစ်ပါတယ်။

ဆုတံဆိပ် ရရှိနိုင်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး မသန်စွမ်းစစ်တုရင် အားကစားနည်းရဲ့ ဆက်ဆံရေးအရာရှိ ဒေါ်မေမြတ်သူက “ရွှေရဖို့တော့ ကျမတို့ မျှော်မှန်းထားပါတယ်။ အိမ်ရှင်နိုင်ငံဆိုပေမယ့် ကျမတို့ နိုင်ငံတိုင်းကို လျော့မတွက်နိုင်ဘူး။ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်က အဓိက ပြိုင်ဘက်တွေ ဖြစ်လာမှာပါ” လို့ ပြောပါတယ်။

မသန်စွမ်း စစ်တုရင်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားသမား အယောက် ၂၀ ၀င်ပြိုင်မယ်လို့ ဆိုပါတယ်။

“အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၉ ဦး ပေါင်းရင် မြန်မာအားကစားသမားက အယောက် ၂၀ ပါ။ လုံးဝမမြင်ရတဲ့ မျက်မမြင်တွေရယ်၊ တစိတ်တဒေသသာ မြင်ရတဲ့ မျက်မမြင်တွေရယ်၊ ကိုယ်အင်္ဂါ မသန်စွမ်းတွေ ပါဝင်ပါတယ်။ အားကစားနည်းက ၂ မျိုးပါ။ ပုံမှန်ရွှေ့နဲ့ အမြန်ရွှေ့ပါ”လို့ ပြောပါတယ်။

မသန်စွမ်းအားကစားသမားတွေ စိတ်ဓာတ်မြင့်မားဖို့၊ အားအင်တွေ ရှိဖို့ ပြည်သူလူထုရဲ့ အားပေးမှု လိုအပ်နေပါတယ်။

“မြန်မာနိုင်ငံမှာ မသန်စွမ်းအားကစားပွဲက ဗဟုသုတ နည်းနေသေးပါတယ်။ မသန်စွမ်းသူတို့ရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုပေးနိုင်ဖို့ လိုအပ်တာပါ။ ပြည်သူတို့က အသိအမှတ် ပြုပြီး သူတို့ ဘ၀ကို စာနာနားလည်ပေးဖို့ လိုအပ်တာပါ” လို့ ဒေါ်မေမြတ်သူက ပြောပါတယ်။

၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို အဓိက ဆောင်ပုဒ်ဖြစ်တဲ့ “မသန်လည်းလူ သန်လည်းလူ စွမ်းဆောင်မှုသာ အဓိက” ဖြင့် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို ဇန်န၀ါရီ ၁၄ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပြီး အားကစားနည်း ၁၂ မျိုး ထည့်သွင်းထားပါတယ်။ အာဆီယံနိုင်ငံတွေက မသန်စွမ်း အားကစားသမား ၁၁၁၃ ယောက်ကျော် ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up