Home
မြန်မာသတင်း
နိုင်ငံဝန်ထမ်းများကို လုပ်ခလစာ ကျပ် ၂ သောင်း တိုးပေးမည်
DVB
·
January 8, 2014
လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်စတင်မယ့် ၂၀၁၄ ဧပြီလကစပြီး နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာကို ကျပ် ၂ သာင်း တိုးမြှင့်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီ ၇ ရက် နေပြည်တော်မှာ ကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးပွဲမှာ မြန်မာနိုင်ငံ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်၊ မြန်မာနိုင်ငံတော်သမ္မတလည်း ဖြစ်တဲ့ ဦးသိန်းစိန်က ပြောကြားလိုက်တာပါ။ နိုင်ငံဝန်ထမ်းလစာတွေအပြင် ပင်စင်စားတွေရဲ့ လစာနဲ့ ဆုကြေးတွေကိုလည်း အချိုးကျ တိုးမြှင့်ပေးသွားမယ်လို့ လည်း သမ္မတ က ပြောကြားသွားပါတယ်။ ခုလို နိုင်ငံဝန်ထမ်းတွေရဲ့ လုပ်ခလစာ တိုးမြှင့်ပေးဖို့ကိစ္စကို လာမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ တင်ပြ ဆွေးနွေးဖို့ ရှိပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူရဦးမှာ ဖြစ်ပါတယ်။ u thein sein-2မြန်မာနိုင်ငံမှာ နိုင်ငံဝန်ထမ်းတွေဟာ လစာ မလောက်မငဖြစ်မှုတွေနဲ့ ကြုံတွေ့နေရတာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ အစိုးရအဆက်ဆက် လစာအကြိမ်ကြိမ် တိုးမြင့်မှုတွေ ရှိခဲ့ပေမယ့် ကုန်ဈေးနှုန်းက လိုက်တက်လာလို့ ၀န်ထမ်းတွေရဲ့ ၀င်ငွေနဲ့ ထွက်ငွေ မမျှဘဲ ပြသာနာ ပြေလည်ခြင်း မရှိခဲ့ပါဘူး။ ဒါ့ပြင် လစာငွေ မလုံလောက်မှုကနေ နောက်ဆက်တွဲအဖြစ် လာဘ်ပေးလာဘ်ယူမှုတွေလည်း ကြီးထွားနေတာပါ။ ခု တကြိမ် လစာတိုးမှုကနေ ကုန်ဈေးနှုန်းတွေ ဘယ်လောက်ထိမြင့်တက်လာမယ်ဆိုတာ သေသေချာချာ မခန့်မှန်းနိုင်သေးပေမယ့် အကျင့်ပျက်လာဘ်စားမှုတွေကတော့ လစာ ကျပ်ငွေ ၂ သောင်းလောက် တိုးပေးရုံနဲ့ ပပျောက်သွားမှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ခုလို သုံးသပ် ပြောပါတယ်။ “တိုးမှာက ဧပြီလက စတိုးမှာ။ ၃ လ၊ ၄ လကျန်သေးတယ်။ ဒီလေးလအတွင်းမှာ ကုန်ဈေးနှုန်းအပြောင်းအလဲက ဘယ်လောက်ထိ ရှိလဲဆိုတာ ကြည့်ဖို့လိုမယ်။ မတိုးသေးဘူးပေါ့၊ အခုလစာ တိုးတာ ၂ သောင်းတိုးတယ်။ ၂ သောင်းတိုးတဲ့အတွက် အကျင့်ပျက်ချစားမှုတွေက လျော့ပါးသွားပါ့မလား၊ ကြည့်ဖို့လိုတာပေါ့။ အကျင့်ပျက်ချစားမှုတွေက ၂ သောင်းစီ တိုးပေးလိုက်ရုံနဲ့ လျော့သွားပါ့မလား။ ပြောရမယ်ဆိုရင် ၀န်ထမ်းတွေရဲ့ အမှန်တကယ် လိုအပ်ငွေ၊ အခြေခံလစာအတွက် လုံလောက်ပြီလား အဲဒါကြည့်ဖို့လိုတယ်။” ဒါပြင့် ပုဂ္ဂလိကကဏ္ဍက အလုပ်သမားတွေလည်း လုပ်အားခ တိုးမြှင့် တောင်းဆိုမှုတွေ ဖြစ်လာ နိုင်တယ်လို့ ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။ “တိုးလိုက်တာက အစိုးရ ၀န်ထမ်းတွေကို။ တဖက်မှာ ပုဂ္ဂလိက ၀န်ထမ်းတွေက လစာတိုးတောင်းတာတွေ ဖြစ်လာနိုင်တယ်။ အခုတောင် အခြေခံလစာ သတ်မှတ်ပေးရေးက လိပ်ခဲတည်းလဲ ဖြစ်နေတာ။ တချို့တွေဆို တနေ့ကို ၇၀၀၀ လောက်ရှိမှ စားဝတ်နေရေး အဆင်ပြေတယ်ဆိုပြီး အလုပ်သမားတွေဘက်က တောင်းဆိုနေတာလည်း တွေ့ရတယ်။ အဲလိုအနေအထားမှာ ဒီလို ၂ သောင်းတိုးလက်တဲ့အပေါ် ဖြစ်ပေါ်လာမယ့် ပုဂ္ဂလိက ကဏ္ဍမှာ ဘယ်လိုတွေ လစာတိုးတောင်းမှုတွေ ဖြစ်ပေါ်လာနိုင်လဲဆိုတာ ကြည့်ဖို့လိုတယ်။” သမ္မတဦးသိန်းစိန်ကတော့ နိုင်ငံဝန်ထမ်းတွေရဲ့ လစာနဲ့ ထောက်ပံ့ကြေးတွေနဲ့ ပတ်သက်ပြီး တိုင်းပြည် စီးပွားရေးအခြေအနေ၊ ရငွေနဲ့ သုံးစွဲရမယ့်ငွေနဲ့ ဘတ်ဂျက် အခြေအနေပေါ် တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ ပေးသွားမယ်လို့ ပြောထားပြီးဖြစ်ကြောင်းနဲ့ ဒီလို လစာတိုးမြှင့်ပေးနိုင်ဖို့ နိုင်ငံတော် ဘဏ္ဍာငွေအခြေအနေ၊ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာ၊ ဖြစ်ပေါ်ရိုက်ခတ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို စဉ်းစားသုံးသပ်ပြီး တွက်ချက် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ယခင်ကလည်း နိုင်ငံဝန်ထမ်းတွေရဲ့ လစာကို ၂ ကြိမ် တိုးမြှင့်ပေးခဲ့ဖူးပြီး ခု အကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက် လစာတိုးမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ဧပြီလမှာ ၀န်ကြီးဌာန အသီးသီးမှာ အလုပ်လုပ်ကိုင် နေကြတဲ့ လခစားတွေကိုရော၊ နေ့စားဝန်ထမ်းတွေကိုပါ အပို ထောက်ပံ့ကြေးတွေ ထုတ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နေ့ကတော့ နိုင်ငံဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေကို ကျပ် ၂ သောင်းစီ တိုးမြှင့် ပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024