ကလေး-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် ၃၄ အနီးမှာ ကလေးမြို့ဘက်ကနေ မောင်းနှင်လာတဲ့ စစ်ကား ၃၄ စီးပါ စစ်ကောင်စီတပ်ဖွဲ့တွေလိုက်ပါလာတဲ့ ယာဉ်တန်းဟာ နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ဦး နဲ့ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုကို ဗိုလ်မြထွန်း ဦးဆောင်တဲ့ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GanGaw-PDF) တပ်ခွဲ ၃ က ပြုလုပ်ခဲ့တာဖြစ်ပြီး GanGaw-PDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ တာဝန်ခံလည်းက အတည်ပြုပြောဆိုပါတယ်။
ဂန့်ဂေါ၊ ကလေး၊ ယောနဲ့ ဆောနယ်တွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေ အထိနာပြီး သေဆုံး ထိခိုက် ပျက်စီးမှုတွေ များပြားနေသလို အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း စစ်ကောင်စီတပ်သားအင်အား တိုးမြှင့်ချထားနေတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကြာဖက်ကန်ကျေးရွာမှာလည်း နိုဝင်ဘာ ၅ ရက်က စစ်ကောင်စီ သတင်းပေးဒလန်တစ်ဦး အသတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလောင်းလာသယ်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်းသိရပါတယ်။
အလောင်းလာသယ်တဲ့ လူမှုကူညီရေးအသင်းကားနဲ့ စစ်ကောင်စီ ရဲစခန်းမှူးကားတို့ ကန့်ဘလူကအပြန်ညနေ ၄ နာရီခန့်မှာ ထန်ကုန်း-ဇီးကုန်းမြောင်းဘောင်ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းတာလို့ ဒေသခံတွေကပြောပါတယ်။
"ဒလန်မျိုးကျော်ရဲ့ အလောင်းကို ကန့်ဘလူ ကိုသယ်ဖို့ လူမှုကူညီရေးကားတစ်စီးနဲ့ ဇီးကုန်းစခန်းမှူး ကားတစ်စီးလာတယ်။ အပြန်မှာ မိုင်းဆွဲခံလိုက်ရတယ်။ အထိအခိုက်တော့ရှိနိုင်တယ်။ တိတိကျကျတော့မသိရဘူး"လို့ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။
မိုင်းခွဲတာကိုKBU-UG နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Kanbalu Underground Warriors (KBU-UG)က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလအတွင်းကလည်း ကန့်ဘလူမြို့နယ် ရီဒွေးရွာမှာ စစ်ကောင်စီသတင်းပေး အသတ်ခံရတာကို လာရောက်စစ်ဆေးတဲ့ ရဲတပ်ဖွဲ့ဝင်မော်တော်ယာဉ်တွေကို ဒေသခံတော်လှန်ရေး ပြောက်ကျားတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။