Home
မြန်မာသတင်း
ဟားခါးနှင့် ထန်တလန်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံး
DVB
·
November 6, 2021

ချင်းပြည်နယ်၊ ဟားခါးနဲ့ ထန်တလန်မြို့တွေမှာ နိုဝင်ဘာ ၆ ရက် ဒီနေ့ မနက်ပိုင်းတိုက်ပွဲတွေကြောင့် စစ်သားနဲ့ရဲ ၁၁ ယောက်သေဆုံးပြီး တချို့ ဒဏ်ရာရတွေရှိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  အနော်ရထာစစ်ဆင်ရေးကို လက်တွေ့အကောင်အထည် ဖော်လာတာကြောင့် ရက်ပိုင်းအတွင်း ချင်းပြည်နယ်မှာ ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်နီးပါးရှိလာပါတယ်။

နိုဝင်ဘာ ၆ ရက်မနက် ၄ နာရီနဲ့ ၅ နာရီအကြားမှာ ချင်းပြည်နယ်ဟားခါးမြို့ပေါ်က စစ်ကောင်စီလုံခြုံရေးတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် စစ်သား ၅ ယောက်သေဆုံးပြီး ဒဏ်ရာရသွားသူတွေရှိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူကပြောပါတယ်။

ဟားခါးမြို့၊ ပြည်နယ်ရဲစခန်းအပေါ်ဘက်မှာ တပ်စွဲထားတဲ့ ပြည်နယ်ရဲအရန်တပ်ရင်းကိုလည်း တချိန်တည်းမှာ ချင်းပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးသွားပါတယ်။

ဟားခါးမြို့မှာ တိုက်ပွဲဖြစ်တာနဲ့တပြိုင်နက် ထန်တလန်မြို့မှာလည်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေတွေကို အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီက မနက်ပိုင်းတိုက်ပွဲမှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထန်တလန်မြို့၊ ဘာသာရေးမိဘမဲ့ဂေဟာ မီးလောင်ပျက်စီးသွားတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

"စစ်ကောင်စီက အောက်တိုဘာလမှာ အင်အားဖြည့်တင်းထားတဲ့နောက်ပိုင်း ချင်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်း စစ်မျက်နှာနှစ်ခုပေါင်းမှာ စုစုပေါင်း တိုက်ပွဲ ၁၃ခု လောက်ဖြစ်ပွားခဲ့တယ်။ သူတို့ရဲ့ အနော်ရထာစစ်ဆင်ရေးကို လက်တွေ့အကောင်အထည်ဖော်နေပြီလို့ပြောရမှာပေါ့လေ။ တိုက်ပွဲကပိုပြီးဖြစ်ပွားလာဖို့တော့ရှိပါတယ်။"

စစ်ကောင်စီက ချင်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေသလို ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်-မတူပီဒေသမှာလည်း သာလွန်အင်အားသုံးနေတာကြောင့် ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့မနက်ပိုင်းက မင်းတပ်မြို့အနီး ၁၁ မိုင်နဲ့ မိုင် ၄၀ တို့မှာ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့က မင်းတပ်-မတူပီဒေသကို ဝင်ရောက်လာတဲ့စစ်ကောင်စီလမ်းကြောင်းကို CDF တွေကမိုင်းခွဲတိုက်ခိုက်တာကြောင့် စစ်သား ၂၅ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။

ဒေသခံ CDF တွေကတော့ နယ်မြေကျွမ်းကျင်မှုကိုအားပြုပြီး ပြောက်ကျားစနစ်နဲ့ ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့  မင်းတပ် CDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့အင်အားသုံးအကြမ်းဖက်မှုတွေကြောင့် မင်းတပ်မြို့နဲ့ ထန်တလန်မြို့က ပြည်သူတွေဟာ မြို့လုံးကျွတ်စစ်ဘေးရှောင်နေကြရပါတယ်။ ဟားခါးမြို့က ထောင်နဲ့ချီတဲ့ပြည်သူတွေဟာလည်း မြို့ကိုစွန့်ခွာနေကြရပါတယ်။

ချင်းပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးသင့်ပြည်သူ ၅၀၀၀၀ ကျော်ရှိနေပြီး စားနပ်ရိက္ခာနဲ့ဆေးဝါး တွေအရေးတကြီးလိုအပ်နေပါတယ်။ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ဒေသတွင်း CDF တွေပူးပေါင်းပြီး အပြန်အလှန်စစ်ထိုးနေတာကြောင့် တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့ နယ်တွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024