ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက မင်းတပ် CDF နဲ့ စစ်ကောင်စီတပ်တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၂၅ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာ ရသွားတယ်လို့ CDF က နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့အနောက်ဘက် မင်းတပ်-မတူပီကားလမ်းမှာ နိုဝင်ဘာ ၄ ရက် မနက် ၈ နာရီလောက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး CDF တွေထောင်ထားတဲ့ ပဒေသာမိုင်း နင်းမိတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒါအပြင် မင်းတပ်-မတူပီ ကားလမ်း မိုင်တိုင်အမှတ် ၄၃ နားမှာလည်း သံချပ်ကာ ကားတွေပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းကို မင်းတပ် CDF က ရှေ့နောက်ညှပ်ပြီး တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ လောက်သေဆုံးပြီးတော့ အများအပြားဒဏ်ရာ ရသွားတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီယာဉ်တန်း နောက်ဆုံးကားကို တိုက်ခိုက်တဲ့အချိန်မှာ ယာဥ်မောင်းက ကားမောင်းပြေးတာကြောင့် ကားအောက်မှာ ဝင်ပုန်းနေတဲ့ စစ်ကောင်စီ တပ်သားတွေ ကားနောက်ကို ပြေးလိုက်လို့ အကာကွယ်မဲ့သွားတာကြောင့် သေဆုံးတဲ့ အရေတွက်များပြားတာလို့ ဆိုပါတယ်။
မင်းတပ်-မတူပီ ကားလမ်းမှာ နိုဝင်ဘာ ၃ ရက်ကလည်း နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရှိပြီးတော့ မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးသွားပါတယ်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာလည်း နိုဝင်ဘာ ၅ ရက် က CDF၊ Zoland-PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံး၊ တချို့ ဒဏ်ရာရကာ သေနတ် ၂ လက်သိမ်းဆည်းရမိတယ်လို့ CDF (ကလေး၊ ကဘော်၊ ဂန့်ဂေါ)က ထုတ်ပြန်ပါတယ်။