မန္တလေးသတင်းထောက်များ ထောင်မျှော်ကြည့်ပွဲ ပြုလုပ်

အလဲဗင်းမီဒီယာဂရုပ်ဖ်ရဲ့ လွိုင်ကော်အခြေစိုက် သတင်းထောက်ကို ထောင်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး ဆန္ဒပြဖို့ ခွင့်ပြုချက် မရခဲ့တဲ့ မန္တလေးက သတင်းထောက်တွေဟာ မန္တလေး အိုးဘိုထောင်ရှေ့မှာ ထောင်မျှော်ကြည့်ပွဲကို လုပ်ဆောင်ခဲ့ပါတယ်။ Madalay Media Protestသတင်းထောက် နော်ခိုင်ခိုင်အေးချို အကျဉ်းကျခံနေတဲ့ လွိုင်ကော်အထိ သွားရောက်ပြီး ထောင်မျှော်ကြည့်ပွဲကို လုပ်ဆောင်ချင်ပေမယ့် အခြေအနေအရ မန္တလေး အိုးဘိုထောင်မှာ လုပ်ဆောင်တာ ဖြစ်တယ်လို့ မန္တလေးအခြေစိုက် မန္တလေးခေတ် သတင်းဂျာနယ်က အယ်ဒီတာချုပ် ဦးမင်းဒင်က ပြောပါတယ်။ သတင်းထောက် ၂၀ လောက်က အိုးဘိုထောင်ရှေ့မှာ တမိနစ် ငြိမ်သက်ဆုတောင်းခဲ့ပြီး ထောင်မျှော်ကြည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မဟာမြတ်မုနိဘုရားကို သွားရောက်ပြီး သတင်းထောက်အတွက် အမှုမှန် ပြန်လည် ပေါ်ပေါက်ရေး ဆုတောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ဆောင်တာကို အထူးရဲတပ်ဖွဲ့တွေနဲ့ စရဖတွေက စောင့်ကြည့်တာ၊ ဓာတ်ပုံရိုက် မှတ်တမ်းတင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆန္ဒပြဖို့အတွက် လျှောက်ထားခဲ့တဲ့အပေါ် ရဲစခန်းရဲ့ ငြင်းပယ်ချက်ဟာ မခိုင်လုံသလို ဆန္ဒဖော်ထုတ်ခွင့်ကို မပေးချင်တဲ့အတွက် ဆန္ဒပြသဖို့ ထပ်မံ လျှောက်ထားတော့မှာ မဟုတ်ဘူးလို့ ဦးမင်းဒင်က ပြောပါတယ်။ သတင်းထောက် နော်ခိုင်ခိုင်အေးချို (ခ) မခိုင်ဟာ သတင်းရယူမှု ဖြစ်စဉ်တခုမှာ ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှု ပုဒ်မတွေနဲ့ လွိုင်ကော်မြို့နယ် တရားရုံးရဲ့ လက်ခံ စွဲချက်တင်ခြင်းခံရပြီး ထောင်ဒဏ် ၃ လ ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up