စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ မြန်မာစီးပွားရေးဘဏ်နားမှာ နိုဝင်ဘာ ၅ ရက် ဒီနေ့ မနက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဝန်ထမ်း တယောက် ဒဏ်ရာရသွားပါတယ်။
တမူး ဒေသခံတစ်ဦးက "အခုမနက် ၁၀ နာရီခွဲလေ မြန်မာစီးပွားဘဏ်နားက လက်ဖက်ရည်ဆိုင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်။ အဲဒီလက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ဝန်ထမ်းတယောက် ဒဏ်ရသွားတယ်။ အဲဒီ လက်ဖက်ရည်ဆိုင်က ဝန်ထမ်းတွေထိုင်တဲ့ ဆိုင်ဖြစ်တယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့်ဒဏ်ရာရတဲ့ ဝန်ထမ်းကို စစ်ကောင်စီတပ်တွေ လူနာတင်ကားနဲ့ ခေါ်ဆောင်သွားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
တမူးမြို့မှာ နိုဝင်ဘာလ ၃ ရက်နေ့ညပိုင်းကလည်း စစ်တပ်ပိုင် Mytel တာဝါတိုင် တတိုင် ဗုံးခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။
"ည ၈ နာရီလောက်က တမူးမြို့ရှိ ရှမ်းတောမှာရှိတဲ့ MyTel တာဝါတိုင်ဗုံးပေါက်ကွဲတယ်။ တာဝါတိုင်အကုန်ပျက်စီးသွားတယ်။ အရင်ကလည်း ဗုံးတွေ့ထားလို့ စစ်ကောင်စီတပ်တွေ စောင့်ထားတယ်အခုကတော့ စစ်ကောင်စီတပ်တွေမရှိတဲ့အချိန် ဗုံးထုသွားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
တမူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။