ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်းပထုံခရိုင်၊ ဘန်လိန်မြို့မှာ အမေရိကန်ဒေါ်လာအတုလုပ်တဲ့ဂိုဏ်းကို ဖမ်းဆီးရမိကြောင်း ထိုင်းအမျိုးသားနည်းပညာဆိုင်ရာရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ ( PCT ) က နိုဝင်ဘာ ၄ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အမေရိကန်ဒေါ်လာ အတုရောင်းချနေကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ သတင်းရတဲ့အတွက် အကောင့်ပိုင်ရှင် ကျီလာဖတ် ဆိုသူကို အရင်စုံစမ်းခဲ့ကြောင်း ၊ အဲဒီနောက် PCT နဲ့ နခွန်းဘန်အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့တို့ပေါင်းပြီး ကွင်းဆက်တွေ ဆက်လက်စုံစမ်းရာမှာ ပါဝင်ပတ်သက်သူ နောက်ထပ်အမျိုးသမီး ၃ ဦး နဲ့ ငွေစက္ကူအတုထုတ်တဲ့စက်တွေပါဖမ်းမိခဲ့တာလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဒမ်ရုန်ဆဒ် ကသ်သီပဖတ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ် ။
တာဝန်ရှိသူတွေဟာ မနေ့က နခွန်ပထုံခရိုင် ဘန်လိန်မြို့ရှိ တိုက်ခန်းတစ်ခန်းကို စစ်ဆေးရာမှာ အမေရိကန်ဒေါ်လာတစ်ရာတန် ငွေစက္ကူအတု ၃၆၀၀၀ ရွက်နဲ့ ပုံနှိပ်စက် ၊ ပုံစံခွက်ဘလောက်တွေ၊ မှင်ရည် အစရှိတဲ့ ငွေတုထုတ်လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်းတွေကို သက်သေခံအဖြစ် ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ပုံနှိပ်စက်ရှိ ကျီလာဖတ် ဆိုသူအမျိုးသမီးက သူ့အနေနဲ့ ပုံနှိပ်ပေးရတဲ့တာဝန်ကိုယူရကြောင်း ၊ ဒီစက်ကနေ တစ်ရာတန်ဒေါ်လာတုစုစုပေါင်း ၅၀၀၀၀ ရွက် ထုတ်လုပ်ခဲ့ကာ ပထမဆုံးအကြိမ်လုပ်ထုတ်လုပ်တာလို့ ဝန်ခံပြောကြားပါတယ်။ အဆိုပါဒေါ်လာတုတွေကို ထိုင်းငွေနဲ့ ပြန်တွက်ရာမှာ ဘတ်သန်းပေါင်း ၁၅၀ သန်းရှိမယ်လို့ ဆိုပါတယ်။
ငွေစက္ကူကို အတုမှန်းသိသိကြီးနဲ့ သုံးစွဲနေသူတွေလည်း ဥပဒေနဲ့ ညှိစွန်းကြောင်၊ ဒီငွေတု ထုတ်တဲ့ဂိုဏ်းမှာ နောက်ထပ်ပါဝင်ပတ်သက်နေသူတွေရှိနိုင်လို့ ဆက်လက်စုံစမ်းဖော်ထုတ်အရေး ယူသွားမယ်လို့ ထိုင်းအမျိုးသားဒုရဲချုပ်က ပြောပါတယ်။
ကိုးကား- MGROnline