ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ပုသိမ်- ငပုတောကားလမ်းဘေး အုတ်စီကုန်းကျေးရွာနေ အမျိုးသား တယောက်ကို ရင်ဘတ်မှာ “ကမ္ဘာမကြေဘူး” စာသား တက်တူးဆေးမင်ကြောင်ထိုးတဲ့အတွက် စစ်တပ်က ဖမ်းဆီးထားပြီး ၃ ရက်ကြာအထိ ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။
အုတ်စီကုန်းကျေးရွာနေ ကိုဖိုးဇော်ဟာ အသိမိတ်ဆွေတစ်ဦး ဖမ်းဆီးခံထားရတဲ့ သတင်းကြောင့် သွားရောက်ကြည့်ရှုရာ ရင်ဘတ်မှာထိုးထားတဲ့ ကမ္ဘာမကြေဘူး စာသားကို စစ်သားက တွေ့ပြီး ဖမ်းဆီးခံရတာပါ။
“စစ်တပ်က မသင်္ကာလို့ဖမ်းထားတဲ့ သူ့မိတ်ဆွေကို သွားကြည့်တာ။ ဖိုးဇော်က အပေါ်အင်္ကျီ ချွတ်လာတာ။ ရင်ဘတ်မှာ "ကမ္ဘာမကြေဘူး” တက်တူး ထိုးထားတာတွေ့ပြီး မင်းက ဘယ်သူ့ကို ကမ္ဘာမကြေဘူးလဲ မေးပြီး ဖမ်းသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အုတ်စီကုန်းကျေးရွာနဲ့ ကပ်လျက်ရှိတဲ့ ကန်ကြီးထောင့်မြို့နယ်က ဆင်ခေါင်းကြီးကျေးရွာမှာလည်း အောက်တိုဘာ ၃၁ ရက်က ဦးမျိုးသန့်ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးသွားပါသေးတယ်။