Home
မြန်မာသတင်း
ကယားနှင့်ရှမ်းတွင် တိုက်ပွဲကြောင့် ဒေသခံများတိမ်းရှောင်နေရသဖြင့် စပါးပြောင်း မရိတ်သိမ်းနိုင်
DVB
·
November 5, 2021

ကရင်နီ(ကယား) ပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းတွေမှာ အခုရက်ပိုင်းတွေအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရပြီး လယ်၊ ယာတွေကို ပြန်မရိတ်သိမ်းနိုင်တော့တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အောက်တိုဘာလကုန်ပိုင်းလောက်က ရှမ်းကယားနယ်စပ်  ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မြို့ပေါ်အပါအဝင် ကျေးရွာတွေ အတော်များများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အခုချိန်ဟာ စပါးနဲ့ပြောင်း ရိတ်သိမ်းချိန်ဖြစ်ပေမယ့် တိုက်ပွဲကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး စိုက်ပျိုးထားတဲ့စပါးနဲ့ ပြောင်းတွေ ရိတ်သိမ်းနိုင်ခြင်း မရှိတော့ပါဘူး။

ဒါကြောင့် ဒေသခံတွေအနေနဲ့ စားဝတ်နေရေး အရမ်းခက်ခဲလာနိုင်တယ်လို့ ကယန်းဒေသ လူမှုကယ်ဆယ်ရေးကော်မတီအဖွဲ့ဝင် ခွန်းရာဇာမောင်က ဒီဗွီဘီကို ပြောပါတယ်။

“စားဝတ်နေရေးအတွက်က တော်တော်လေး ခက်ခဲလာနိုင်တယ်။  လက်ရှိက ကျနော်တို့ အဓိက အားထားနေရတဲ့ မိုးဗြဲဘက်မှာလည်း စစ်ပွဲတွေဖြစ်တဲ့အတွက် သီးနှံတွေ ရိတ်သိမ်းလို့မရဘူး။ ဆန်စပါးတွေလည်း မရဘူး။ ကျနော်တို့ ကသဲတကြောကလည်း ဧက ၇၀၀ ကျော်လောက်ရှိတဲ့ ဒီဒေသဘက်ကလည်း စစ်ပွဲကြောင့် မရိတ်သိမ်းနိုင်ဘူး။ ကျနော်တို့ ခေါင်အိဘက်မှာလည်း စစ်ပွဲကြောင့် ထပ်ပြီးတော့မှ မရိတ်သိမ်းနိုင်တော့ဘူး။ ကျနော်တို့ လူမှုကယ်ဆယ်ရေးအနေနဲ့ကလည်း ဆန်တွေက မှာယူလို့မရတော့ဘူး။ လမ်းကြောင်း ပိတ်နေသလို ဖြစ်နေတယ်ပေါ့နော်။ အခုက မန္တလေး၊ ရန်ကုန်တို့က လမ်းကြောင်းလည်း မလာနိုင်သလို နောက်ဆုံးကျန်နေတဲ့ ဖယ်ခုံနဲ့ မိုးဗြဲမှာ စိုက်ထားတဲ့ လယ်ယာတွေကလည်း ကောင်းကောင်းမွန်မွန် မရိတ်သိမ်းရဘူးဖြစ်နေတယ်။ လက်ရှိလည်း အကုန်လုံး ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ဒီစားဝတ်နေရေးပြဿနာကတော့ ရေရှည်မှာ အင်မတန်မှ စိုးရိမ်စရာဖြစ်တယ်။ လက်ရှိလည်း ရာသီတုပ်ကွေးနဲ့ ချောင်းဆိုး၊ ရင်ကျပ်တာတွေ အရမ်းဖြစ်တဲ့အခါကျတော့ ဆေးဝါးကလည်းမရှိ၊ ကျန်းမာရေးဝန်ထမ်း မရှိတဲ့အခါကျတော့ ကျန်းမာရေးကိစ္စပါ တပူပေါ် နှစ်ပူဆင့်ရတာပေါ့။”

အလားတူ အောက်တိုဘာ ၂၈ ရက်နေ့က ဖယ်ခုံမြို့နယ် ကသဲကျေးရွာအုပ်စု ရွှေပြည်အေး ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒီလိုထွက်ပြေးတိမ်းရှောင်ရတဲ့အတွက် ရိတ်လက်စ စပါးတွေလည်း ဒီတိုင်းပစ်ထားခဲ့ရပြီး စပါး ပြန်လှမ်းဖို့ သွားတဲ့ အမျိုးသား ၁၉ ဦးကလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ အခု ချိန်ထိလည်း အဲဒီရွာသား ၁၉ ဦး အခြေအနေ မေးမြန်းလို့ မရသေးဘူးလို့ အဲဒီရွာခံတဦးက ပြောပါတယ်။

“စပါးတွေ မရိတ်သေးဘူး။ အခုနလည်း ကျနော်တို့ ရွာသားတချို့ကို ရွာပြန်ခိုင်းတယ်။ ပြန်ကြည့်ခိုင်းတာ အကုန်လုံးအပင်တွေ ပေါက်ကုန်ပြီ။ ကိုယ့်ရွာပြန်တာတောင် လွတ်လွတ်လပ်လပ် ပြန်မရဲကြဘူးပေါ့နော်။ ဗုံးတွေ ဘာတွေ ထောင်တာတွေလည်း ကြားရတယ်လေ။ အဲလိုမျိုးဆိုရင် တောင်ယာတွေဘာတွေလည်း ဗုံးထောင်တာတွေဘာတွေ ရှိတယ်။ ကျနော်တို့နေတဲ့နေရာကလည်း ပြေးတဲ့နေရာလည်းမရှိဘူး။”

လက်ရှိမှာတော့ ဒေသခံရွာသား ၂၀၀ ကျော်ဟာ သူတို့နဲ့နီးစပ်တဲ့ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အလားတူ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်ဘက်မှာလည်း တိုက်ပွဲစချိန်က ဒေသခံတချို့ စပါးတွေ စိုက်ပျိုးထားတာတွေရှိခဲ့ပေမယ့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ စိုက်ပျိုးထားတဲ့ စပါးတွေကို ပြန်မကြည့်နိုင်တော့သလို အခု ရိတ်သိမ်းချိန်မှာလည်း သွားရိတ်လို့ မရတဲ့နေအထားမှာ ရှိနေပါတယ်။

ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက “ဒီးမော့ဆိုက တော်တော်များများက လယ်များတယ်။ သူတို့စစ်ရှောင်တွေက ဒီဘက်ပြေးလာရတော့ အကုန်လုံးလိုလိုက စပါးလုပ်ထားကြတယ်။ ဒါပေမယ့် ပြန်မရိတ်နိုင်ကြဘူး။ ဒီးမော့ဆိုမြို့နဲ့ နည်းနည်းဝေးတဲ့ရွာ လယ်ကွင်းကျတော့ အရဲစွန့်ပြီး သွားပြန်ရိတ်တဲ့လူလည်း ရှိတာပေါ့နော်။ တော်တော်များများက မရိတ်နိုင်ကြဘူး။ တိုက်ပွဲတွေကလည်း ရှိနေတယ်။ စစ်ကောင်စီကလည်း မြို့ထဲနဲ့ တောက်လျှောက်လမ်းတွေမှာ သူတို့နေရာယူထားတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာရှိတယ်။ လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာရှိတယ်။ အဲလိုမျိုးဆိုတော့ ဘယ်သူမှ မပြန်ရဲကြဘူး။ တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတယ်ဆိုတော့ မပြန်ရဲကြတာလည်း ပါတာပေါ့နော်။ စပါးပြန်ရိတ်ဖို့မပြောနဲ့ ပြန်တောင်ကြည့်လို့ အဆင်မပြေဘူးဖြစ်နေကြတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နဲ့နီးတဲ့ ရွာတွေမှာလည်း မိုင်းတွေ ထောင်ထားတဲ့အတွက် ဒေသခံတွေ လုံးဝ အိမ်မပြန်ရဲကြဘူးလို့ ပြောပါတယ်။

“စပါးတွေက ပြန်မရိတ်နိုင်ဘူး။ ပြီးတော့ ဒီးမော့ဆိုမြို့တဝိုက် ဒေါငံခါးတို့၊ ငွေတောင်တို့၊ အောင်ချမ်းသာတို့ ငုပလော့တို့ အဲဒီဘက်တွေဆိုလို့ရှိရင် သူတို့လုံးဝသွားကြည့်လို့မရဘူး။ သူတို့အိမ်တောင်မှ သွားကြည့်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ မိုင်းတွေ ရှိတယ်။ မိုင်းတွေ ထောင်ထားတာ အများကြီးပဲ။ အဲတော့ ဘယ်သူမှ အိမ်ပြန်လို့လည်းမရဘူး။ သွားကြည့်လို့လည်း မရဘူး။”

ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းတွေမှာ မေလကတည်းက စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၁ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ၆ လကြာတဲ့အထိ အိမ်မပြန်ရသေးတဲ့ ကျေးရွာတွေ ရှိနေသလို နောက်ထပ်ကျေးရွာတွေလည်း တိုက်ပွဲကြောင့် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီလို သိန်းချီထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူရဲ့ လိုအပ်ချက်တွေကို ကူညီဖို့လည်း အခုနောက်ပိုင်း များစွာ အခက်အခဲ အဟန့်အတားတွေဖြစ်နေပါတယ်။

စစ်ရှောင်တွေအတွက် ရန်ကုန်၊ မန္တလေးကနေ ပို့ပေးတဲ့ ဆေးဝါး၊ အစားသောက်အကူညီတွေကို စစ်ကောင်စီက ဟန့်တာတွေ၊ တချို့လမ်းမှာ ဖမ်းဆီး သိမ်းဆည်းတာတွေကြောင့် စစ်ရှောင်တွေဆီ အကူညီမရောက်တော့ဘဲ စားဝတ်နေရေးပါ ခက်ခဲလာနေတယ်လို့လည်း ဆိုပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း စစ်ကောင်စီကို ဖိအားပေးသင့်တယ်။ တိုက်ပွဲဖြစ်နေတာက လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာနဲ့စစ်ရှောင်တွေမဆိုင်ဘူးပေါ့နော်။ တိုက်ပွဲက သူတို့နေရာမှာ တိုက်ပွဲလာဖြစ်တဲ့အတွက် တောထဲကို ထွက်ပြေးကြရတာ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့စားဝတ်နေရေးအတွက် စစ်ကောင်စီကလည်း စစ်ရှောင်တွေ စားဝတ်နေရေးကို ထိခိုက်တဲ့ဟာမျိုး၊ လမ်းကြောင်းတွေ ပိတ်ထားတာမျိုးပေါ့နော်။ ပြီးရင်စားနပ်ရိက္ခာတွေ ဝယ်တဲ့အခါမျိုးမှာ လိုက်ပြီးဖမ်းတာမျိုးပေါ့။ ဒါတွေက တောက်လျှောက်ကိုလုပ်နေတာ။ ဒါတွေက လူသားချင်းစာနာမှုဆိုတဲ့ဟာကို စစ်ကောင်စီက ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာပေါ့။ ဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဒီလိုကိစ္စတွေကို နည်းနည်းဖိအားပေးသင့်တယ်လို့ ထင်တယ်။”

အခုချိန် မိုးအကုန်ဆောင်းအဝင်မှာလည်း တောတောင်တွေထဲ အရမ်းအေးချမ်းနေတဲ့အတွက် စစ်ရှောင်တွေအတွက် အထူးသဖြင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် အနွေးထည်နဲ့စောင်တွေ လိုအပ်နေကြတယ်လို့ စစ်ရှောင်တွေကို လိုက်လံကူညီနေသူက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024