ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနေတာကြောင့် ဟူးစွန်နဲ့ ပုံးလုံကျေးရွာက ပြည်သူလူထု ၂၀၀ ကျော်ဟာ နိုဝင်ဘာ ၄ ရက်မှာ ကျောက်မဲမြို့ပေါ်ကို တိမ်းရှောင်လာကြရပါတယ်။
"နှစ်ဖက်တိုက်ပွဲတွေဟာ ကျယ်ပြန့်လာတယ်။ ရွာတွေနားမှာပဲ အဓိကဖြစ်နေကြတော့ အရင်တိုက်ပွဲဖြစ်တဲ့ရွာတွေက သူတို့နေရာမပြန်နိုင်သေးခင်မှာပဲ နောက်ထပ် တိုက်ပွဲဖြစ်တဲ့ရွာတွေ ကနေ ထွ က်ပြေး လာကြတာပါ" လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကျောက်မဲမြို့နယ်အတွင်း SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တပ်တွေအကြား မေလပိုင်းက စတင်လို့ တကျော့ပြန် ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံ တွေဟာအိုးအိမ်စွန့်ခွာပြီး ယာယီစစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။
လနဲ့ချီကြာနေပြီး နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေဟာ ၂၀၀၀ ကျော်ဝန်းကျင်ရှိကာ ဆက်လက်ပြီးလည်း တိုးများလာဖို့ ရှိနေပါတယ်။ ကျောက်မဲမြို့က စစ်ဘေးရှောင်ပြည်သူတွေကို ဒေသတွင်းမှာရှိတဲ့ အရပ်ဘက်လူမှု ကူညီရေးအသင်းတွေ၊ စေတနာရှင်မိဘပြည်သူတွေက ဝိုင်းဝန်ကူညီပံ့ပိုးပေးနေကြပါတယ်။