တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံ PDF တပ်က မိုင်းဆွဲတိုက်ခိုက်လို့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ရာအနီးက ကျေးရွာ ၃ ရွာကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မနေ့ နိုဝင်ဘာ ၃ ရက်နေ့ မနက်အစောပိုင်းက ထားဝယ်မြို့နယ် သစ်ကတိုးကျေးရွာကနေ ဟာမြင်းကြီးကျေးရွာဘက်ကို ဦးတည်သွားတဲ့ စစ်ကောင်စီတပ်ကို ဒေသ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၅ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဒီလို မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သစ်ကတိုးရွားသား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သလို နောက်ထပ် ရွာသာ ၈ ဦးကိုလည်း လူသားဒိုင်းအနေနဲ့ ထပ်မံဖမ်းဆီးခဲ့ပါတယ်။
ဒီလိုဖမ်းဆီးမှုတွေကြောင့် ရွာသားတွေက ကြောက်ရွံ့တဲ့အတွက် သစ်ကဒိုးကျေးရွာ၊ မြင်းခန္တီ ကျေးရွာနဲ့ ရေပုပ်(ခေါ်) လေးအိမ်စုကျေးရွာတွေက ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သစ်ကဒိုးကျေးရွာသား တဦးက ပြောပါတယ်။
“အဓိက တိုက်ပွဲဖြစ်တယ်။ နောက်ဖမ်းဆီးမှုပါ ပါလာတာပေါ့။ ဖမ်းဆီးခံရတာ ၁၀ ကျော်တာပေါ့။ အဓိက ဖမ်းဆီးခံရတာက သစ်ကတိုးရွာက ဖြစ်တယ်။ အဲနေ့က အဲနေရာမှာတိုက်ပွဲဖြစ်တော့ သူတို့ကို ဓားစာခံအနေနဲ့ ဖမ်းသွားတာ။”
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာ ၃ ရွာက လူဦးရေ ၂၀၀ လောက်ဖြစ်ပြီး သူတို့အတွက် အစားသောက်နဲ့ဆေးဝါးလိုအပ်နေတယ်လို့ သူက ပြောပါတယ်။