ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ရှိ စက်ရုံတရုံမှာ ဒီနေ့မနက်က မြန်မာ အလုပ်သမားတွေ ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါစက်ရုံမှာ INNOVATIVE Gloves Co., Ltd အင်နိုဗတစ်ဖ်ကုမ္ပဏီလက်အောက်ခံ လက်အိတ်စက်ရုံကဖြစ်ပြီး မနေ့ညက နေမကောင်းတဲ့ အလုပ်သမားတစ်ယောက် ဆေးရုံအချိန်မီ မပို့ဆောင်နိုင်လို့ သေဆုံးသွားရတဲ့ အပေါ်မှာရော အရင်ကတည်းက အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေနဲ့ပါ မကျေနပ်မှုတွေပေါင်းပြီး ဆန္ဒပြရတာလို့ ဆန္ဒပြအလုပ်သမား ကိုမျိုးဆွေဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ည ၇ နာရီ မိနစ် ၂၀ လောက်မှာ ကျနော်တို့စက်ရုံက ဦးမောင်လတ်ဆိုတဲ့ အလုပ်သမား တယောက် သတိလစ်ပြီး လဲကျသွားတယ်ခင်ဗျ၊ သူ့ကိုဆေးရုံပို့မလို့လုပ်တော့ စက်ရုံ မန်နေဂျာက မချေမငံငေါက်လွှတ်တယ်။ ကျနော်တို့လည်း အကျိုးအကြောင်းပြောပြီး အကြာကြီး ရှင်းပြရတယ်။ အလုပ်သမား ၂၀၀ လောက်လည်း ထွက်လာပြီး ဂိတ်ဝမှာ လာတောင်းဆိုတော့မှ လူအုပ်ကိုတွေ့ပြီး အရေးပေါ်လူနာတင်ကားခေါ်ပေးတယ်။ အဲဒီကားက ၉ နာရီလောက်မှ ရောက်လာတယ်၊ ၂ နာရီလောက်ကြာသွားတာပေါ့၊ ည ၁၀ နာရီ ၄၅ မိနစ်မှာ သူဆုံးသွားတယ်။ ကျနော်တို့ကတော့ သူ့ကိုအချိန်မီ ဆေးရုံမပို့နိုင်လို့ မသေသင့်ဘဲ သေဆုံးရတာလို့ ယူဆတယ်။ အဲဒါကြောင့် ကနေ့မနက် ၇ နာရီကျော်လောက်မှာ ဆန္ဒပြကြတာပါ။”
အဆိုပါစက်ရုံမှာ အလုပ်သမားပေါင်း ၆၀၀ - ၇၀၀ ကြားမှာရှိပြီး ၉၀ ရာခိုင်နှုန်းက မြန်မာ ရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြောင်း၊ စက်ရုံမှာ ကိုဗစ်-၁၉ ကာကွယ်ရေးအကြောင်းပြချက်နဲ့ သူတို့ကို အပြင်ထွက်ခွင့်မပြုတာ ၆ လကြာပြီဖြစ်ပြီး လုပ်အားခအပြည့်မပေးတာ၊ နားရက်မှာပါ အလုပ်ဆင်းရတာ၊ ပတ်စပို့ ဘဏ်စာအုပ်တွေ သိမ်းထားတာ၊ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေနဲ့ ရောနှောထားပြီး ကိုဗစ်ဖြစ်လည်း အလုပ်ဆင်းနေရတာတွေရှိကြောင်း၊ အဲဒီပေါ်မှာလည်း မကျေနပ်လို့ ဆန္ဒပြရတာလို့ သူက ဆက်ပြောပါတယ်။
“ကျနော်တို့ အပြင်လုံးဝမထွက်ရဘူး။ ဈေးသည်တွေက ၁ ပတ်ကို သုံးလေးခါ ဈေး လာရောင်းရင် နာရီပိုင်းလောက်ပဲ ခွင့်ပြုတော့ အလုအယက်ဝယ်ရတာ အဆင်မပြေဘူး။ စက်ရုံက ၂၄ နာရီလည်ပတ်နေတာ၊ မနက်ဆိုင်း ညဆိုင်းနဲ့ နားရက် အလုပ်ဆင်းရတာလည်း အချိန်ပိုခအပြည့်မရဘူး၊ ကိုဗစ်-၁၉ စစ်ဆေးတာ အပြင်က ကျန်းမာရေးဌာနတွေနဲ့မစစ်ဘဲ စက်ရုံကလူတွေနဲ့ပဲ ပြန်စစ်တယ်၊ ၁၀၀ ကျော်ပိုးတွေ့တယ်။ လေးငါးရက်လောက်ဆေးသွားကုပြီး ပြန်လာတော့ သီးသန့်ခွဲမထားဘဲ ကျန်အလုပ်သမားတွေနဲ့ရောထားတယ်၊ ပိုးကူးတဲ့လူတွေလည်း အလုပ်ဆင်းနေရတာဘဲ အဲဒါတွေမကျေနပ်ဘူး။”
မနက် ၁၀ နာရီလောက်မှာတော့ မြန်မာအလုပ်သမားသံအရာရှိနဲ့ အလုပ်သမားကူညီရေး အဖွဲ့အစည်းတွေရောက်လာပြီး စက်ရုံတာဝန်ရှိသူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးနေကြပြီး လောလောဆယ် သူတို့ဆွေးနွေးတာ မပြီးသေးလို့ ဘာလုပ်ပေးမလဲဆိုတာ မသိရသေးကြောင်း၊ လူကြီးတွေရောက်လာလို့ သူတို့လည်း ဆန္ဒပြတာ ရပ်နားလိုက်တယ်လို့ အလုပ်သမားက ပြောသွားပါတယ်။