Home
မြန်မာသတင်း
သံတွဲမြို့နယ်၌ ရေတပ်သင်္ဘောက ငါးဖမ်းလှေများထံမှ အဓမ္မ ငွေတောင်းနေ
DVB
·
November 3, 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ  စစ်ကောင်စီ ရေတပ်သင်္ဘောက ငါးဖမ်းလှေတွေဆီကနေ အဓမ္မ ငွေတောင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆင်ခေါင်းရွာကနေ ပင်လယ်ထွက် ငါးဖမ်းတဲ့လှေတွေကို  ရေတပ်က ပင်လယ်ထွက်ဝမှာ  လှေတစီးကို တလ ကျပ် ၁၀၀၀၀ ကနေ  ကျပ် ၃၀၀၀၀ အထိ  အဓမ္မငွေတောင်းနေတာဖြစ်ပါတယ်။  

ဆင်ခေါင်းရွာ ဒေသခံတယောက်က “ခု ပင်လယ်ထွက်ဝမှာ Navy ခေါ်တယ်ပေါ့၊ စစ်သင်္ဘောတစီးက ဆိုက်ကပ်ထားပြီး ငွေကောက်ခံနေပါတယ်။ ပုစွန်ရှာတဲ့ လှေတစီးကို တလ ကျပ်တသောင်း၊ မီးထွန်းလှေ(ကျော့ပိုက်လှေ) တစီးကို တလ သုံးသောင်း တောင်းနေပါတယ်။ ခုလက်ရှိလည်း လှေတော်တော်များများက ပေးပြီးသွားကြပြီ” လို့ ပြောပါတယ်။

ဆင်ခေါင်းရွာမှာ ပင်လယ်ထွက် ငါးဖမ်းတဲ့ လှေပေါင်း ၁၇၀ ကျော်ရှိပြီး အနားမှာရှိတဲ့ မြို့တောင်ရွာမှာလည်း မီးထွန်းလှေ ၁၀ ဖောင်၊ အစီး ၃၀ လောက်ရှိမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ပိုက်ဆံမပေးရင် ပင်လယ်မထွက်ရဘူးလို့ ပြောတယ်။ ဘယ်သူ့ကိုမှ တိုင်လို့လည်း မရဘူးလေ။ ငွေပေးပြီးတော့ပဲ ထွက်ရတာပေါ့။ အခုက ငါးဖမ်းရာသီရောက်နေပြီကိုး” လို့ ပြောပါတယ်။

သံတွဲမြို့နယ် မောင်ရွှေလေးရွာမှာ ရေတပ်စခန်းရှိပြီး စစ်သင်္ဘောဟာ ပင်လယ်ထွက်ဝမှာ ကျောက်ချ ရပ်တန့်ထားတာ ၁၅ ရက်လောက်ရှိနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။ 

သံတွဲမှာ ပင်လယ်ကမ်းခြေကနေ တိုက်ရိုက် ပင်လယ်ထဲထွက်ပြီး ငါးဖမ်းတဲ့ တခြားဇုန်တွေလည်း ရှိနေသေးပြီး အဲဒီမှာလည်း ငွေကောက်၊ မကောက်ကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024