ကုလသမဂ္ဂရာသီဥတုညီလာခံကိုတက်ဖို့ ဘီးတပ်ကုလားထိုင်နဲ့ သွားလို့ရအောင် စီစဉ်မထားတဲ့ အတွက် မကျေနပ်ကြောင်း ပြောခဲ့တဲ့ အစ္စရေးစွမ်းအင်ဝန်ကြီး ကရင်းအယ်လ်ဟာရာကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုဝင်ဘာ ၂ ရက်မှာ တောင်းပန်ခဲ့ပါတယ်။
ဘီးတပ်ကုလားထိုင်နဲ့ သွားလို့ရအောင် စီစဉ်တာ နောက်ကျခဲ့လို့ အယ်လ်ဟာရာဟာ ညီလာခံကို အင်္ဂါနေ့မှာမှ ရောက်လာခဲ့ပါတယ်။
ကြွက်သားတွေ တဖြည်းဖြည်း ကျုံလှီလာတဲ့ နာတာရှည် ရောဂါကို ခံစားနေရတဲ့ အယ်လ်ဟာရာနဲ့ အတူ အစ္စရေးဝန်ကြီးချုပ်က ညီလာခံကို တက်ရောက်ခဲ့ပါတယ်။
“မနေ့က အစီအစဉ်တွေနဲ့ ပတ်သက်လို့ စိတ်ရှုပ်ထွေးစရာတချို့ ရှိခဲ့တယ်လို့ သိရတယ်။ အဲဒီအတွက် အင်မတန့် အင်မတန် ဝမ်းနည်းပါတယ်”လို့ ဂျွန်ဆင်က ပြောပါတယ်။
အစ္စရေးဟာ အယ်လ်ဟာရာရဲ့ အထူးလိုအပ်ချက်ကို ကြိုတင်အသိပေးမထားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဗြိတိန် သဘာဝပတ်ဝန်းကျင်ဝန်ကြီးက ဘီဘီစီ သတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဗြိတိန်ဆိုင်ရာ အစ္စရေး သံရုံးပြောခွင့်ရကတော့ လူတိုင်းနဲ့ ဆိုင်တဲ့ လိုအပ်ချက် အသေးစိတ် အားလုံးကို အရင် သီတင်းပတ် အတော်များများမှာကတည်းက ဆက်သွယ်လုပ်ဆောင် ထားပြီးသား လို့ ပြောပါတယ်။
ညီလာခံ စီစဉ်သူတွေကတော့ သူတို့ အမှားအတွက် တွစ်တာလူမှုကွန်ယက်ပေါ်ကနေ အင်္ဂါနေ့က တောင်းပန်ခဲ့ပြီး အယ်လ်ဟာရာ ညီလာခံတက်တာ မြင်ရလို့ ဝမ်းမြောက်ကျေနပ်ရတယ်လို့ ပြောခဲ့ပါတယ်။