နိုင်ဂျီးရီးယား အဘူဂျာတက္ကသိုလ် ဝန်ထမ်း ၄ ဦးနှင့် ကလေးများ ပြန်ပေးဆွဲခံရ

နိုင်ဂျီးရီးယားနိုင်ငံရဲ့ မြို့တော် အဘူဂျာမှာ သေနတ်သမားတွေက အဘူဂျာတက္ကသိုလ်ကနေ ဝန်ထမ်း လေးယောက်နဲ့ သူတို့ရဲ့ကလေးတွေကို နိုဝင်ဘာ ၂ ရက်က ပြန်ပေးဆွဲသွားတယ်လို့ တက္ကသိုလ်က ပြောပါတယ်။
ဒေသခံတွေက ဓားပြတွေလို့ ခေါ်ကြတဲ့ လက်နက်ကိုင် ယောက်ျားဂိုဏ်းတွေဟာ ပြန်ရွေးငွေရဖို့ မနှစ်က နှောင်းပိုင်းကတည်းက ခုထိ ကျောင်းတွေကနေ ပြန်ပေးဆွဲတာ၊ ရွာတွေကို တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့ကြပါတယ်။
ပြန်ပေးဆွဲတာတွေ နိုင်ငံ အနောက်မြောက်ပိုင်း မှာ အများဆုံး ဖြစ်ခဲ့တာပါ။ အဘူဂျာမြို့စွန်တွေမှာ ပြန်ပေးဆွဲတာတွေ ဖြစ်ခဲ့ဖူးပေမယ့် တက္ကသိုလ်တွေကို တိုက်ခိုက်တာ ရှားပါတယ်။
နိုင်ငံအနောက် မြောက်ပိုင်းနဲ့ မြောက်ပိုင်းမှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့တာတွေ ပိုတိုးလာနေပြီး နိုင်ငံအရှေ့မြောက်ပိုင်းမှာ အစ္စလာမ္မစ် သူပုန်ထနေတာ ၁၂ နှစ်ကြာပြီမို့ လုံခြုံရေးတပ်တွေဟာ စစ်မျက်နှာ အတော်များများကို ဖြန့်ကျက်နေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။