ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ထဲမှာ နိုဝင်ဘာ ၁ ရက် မနေ့ညက အမျိုးသမီး ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ခမ်းမြို့ ပေါက်နေရပ်ကွက် နယ်မြေ ၈ မှာ နေထိုင်တဲ့ နန်းခမ်းသီ (၃၄-နှစ်) ဟာ မနေ့ည ၇ နာရီလောက်က ကောင်းဆာကျေးရွာသို့ ကားမောင်းသွားစဉ် လမ်းမှာ အမည်မသိ သေနတ်သမားတို့ရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ နမ့်ခမ်းဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူက မနေ့ည ၇ နာရီလောက်မှာ ကိုယ်တိုင်ကားမောင်းပြီး ကောင်းဆာရွာဘက် သွားတယ်တဲ့။ ဘာကိစ္စနဲ့သွားလဲတော့ မသိဘူး။ အဲဒါလမ်းမှာ ကားမောင်းနေရင်းနဲ့ အပစ်ခံရတယ်၊ လည်ပင်းမှာ ၃ ချက်ထိတယ်။ လမ်းသွားလမ်းလာလူတွေက သူ့ကို နမ့်ခမ်းဆေးရုံ ပို့ပေးလိုက်တာ။ ကနေ့မနက်တော့ ဆုံးသွားပြီလို့ သိရတယ်။”
သူ့ကို ဘယ်သူ ဘယ်အဖွဲ့က ဘာကြောင့် ပစ်လိုက်တယ်ဆိုတာတော့ မသိရကြောင်း ၊ ဒါပေမဲ့ နန်းခမ်းသီဟာ သူတပါးပေါ် ကူညီတတ်တဲ့ပရဟိတစိတ်ဓာတ်ရှိပြီး အရင်ကတော့ RCSS/SSA ရှမ်းပြည်တပ်မတော်ဌာနချုပ် လွိုင်တိုင်းလျန်းမှာ သင်တန်းတက်ခဲ့ဖူးတယ်လို့ ဒေသခံက ပြောပါတယ်။