Home
မြန်မာသတင်း
အစိုးရနှင့်တအာင်းတပ် တိုက်ပွဲများ ဆက်ဖြစ်
နန်းမြနဒီ
·
January 6, 2014
၂၀၁၄ ခုနှစ်ဆန်းမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ပြင်ဆင်ကြိုးပမ်းနေချိန်မှာပဲ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ [caption id="attachment_49026" align="alignleft" width="300"]ဓာတ်ပုံ - pnsjapan.com ဓာတ်ပုံ - pnsjapan.com[/caption]ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ဆန်၊ ဟိုပန်၊ ကျောက်မဲ အစရှိတဲ့ မြို့နယ် ၄ ခုထဲမှာ အစိုးရတပ်နဲ့ တအာင်းတပ်ဖွဲ့တွေကြား ပစ်ခတ်မှုတွေ အနည်ဆုံး ၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) အထွေထွေ အတွင်းရေးမှူး တာ့ဘုန်းကျော်က ပြောပါတယ်။ “ဒီဇန်န၀ါရီလထဲမှာကို တိုက်ပွဲတွေက ဆက်နေတာ၊ လွတ်လပ်ရေးနေ့ကလည်း ၃ ခါဖြစ်တယ်။ ၂ ရက်နေ့မှာလည်း ဖြစ်တယ်။ ဇန်န၀ါရီလ ၁ ရက်နေ့ကလည်း ဖြစ်တယ်။ အခုလည်း သူတို့ ကျနော်တို့ကို လက်နက်ကြီးတွေနဲ့ ပုံမှန်ပစ်နေတယ်။ ၂ နာရီ ၁ လုံး၊ ၁ နာရီ ၁ လုံးနဲ့ ပုံမှန်ပစ်နေတာ၊ ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေရှိတဲ့ဘက် ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ ဘက်မှာရှိတဲ့ တပ်တွေကို ပစ်နေတာ” အစိုးရတပ်ဘက်က သူတို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန်နဲ့ ကျောက်မဲဘက်က ပလောင်တပ်ဖွဲ့တွေရှိရာဘက်ကို ဒီနေ့အထိ အဝေးကနေ လက်နက်ကြီးနဲ့ ၁ နာရီခြား ၂ နာရီခြား တခါ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုမှာ အစိုးရဘက်က ခမရ ၅၀၁၊ ခလရ ၁၇၊ ခလရ ၁၁၄၊ ၁၁၅ စတဲ့ တပ်ရင်း လက်အောက်ခံ တပ်ပေါင်းစုအဖွဲ့ ၁၀၀ ကျော်လောက်ရှိပြီး တအာင်းတပ်ဘက်ကတော့ ကေအိုင်အေ ကချင်တပ်နဲ့ အက်စ်အက်စ်အေ မြောက်ပိုင်းအဖွဲ့တို့ ကူတိုက်ကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်နေ့က အစိုးရ တပ်က နမ့်ဆန်မြို့နယ် ပန်ဝါလောက်နဲ့ မန့်လုံ ကျေးရွာက ရွာသား အယောက် ၄၀ ကို ခေါ်သွားပြီး ကတုတ်ကျင်းတူးတာ၊ မိုင်းရှင်းတာ၊ စစ်ကြောင်းရှေ့က လိုက်ပို့တာတွေ စေခိုင်းခဲ့တယ်လို့ တာ့ဘုန်းကျော်က ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ဒီတိုက်ပွဲတွေဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ ဖြစ်ပွားနေတာပါ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဟာ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ မနှစ်ဇွန်လက ဇူလိင်လ ၃၁ ရက်နေ့က မူဆယ်မြို့မှာ ပထမအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပါတယ်။ ဒီနောက်ပိုင်း ထိတွေ့ပစ်ခတ်မှု အကြိမ်ပေါင်း ၁၀၀ ကျာ် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားတိုင်း မြန်မာငြိမ်းချမ်းရေးစင်တာကို စာရေးအကြောင်းကြား ထားပေမယ့် ဘာမှ အကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာကို ဆက်သွယ်မေးမြန်းရာမှာ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးညိုအုန်းမြင့်က ခုလိုပြောပါတယ်။ “ကျနော်တို့ ဘက်ကလည်း အတတ်နိုင်ဆုံးကြိုးစားပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ အားလုံး ဘားအံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်ပြီးတော့ သဘောတူညီမှု ရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားပါမယ်။ အဲဒီပြဿနာတွေ ဖြစ်နိုင်တယ်ဆိုတာလည်း နားလည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပစ်ခတ်ရပ်စဲရေး လုပ်မထားတဲ့ နေရာတွေမှာ အောက်ခြေတွေမှာ နားလည်မှုလွဲမှားတာမျိုး၊ အောက်ခြေမှာ တဘက်နဲ့တဘက် ပဋိပက္ခဖြစ်မှု ဒါတွေဟာ ကျနော်တို့ ကြုံတွေ့ရမယ့် ပြဿနာတွေပဲ ဖြစ်ပါတယ်။ အဲဒါတွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ဖို့ ၂ ဦး ၂ ဘက် အမြန်ဆုံး တွေ့ဆုံပြီး ဆုံးဖြတ်ချက်ချနိုင်မယ်ဆိုရင် ပြဿနာတွေ ဖြေရှင်းနိုင်မယ်လို့ ကျနော်ထင်ပါတယ်။” ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင် ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဟာ လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားကို သဘောတူထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024