စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး သေဆုံးသွားတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်ငုတ်တိုကျေးရွာက တောင်သူတစ်ဦးအလောင်းကို အောက်တိုဘာ ၃၁ ရက် ညနေပိုင်း လယ်ကွင်းထဲ လာပစ်သွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးသိန်းလင်းကို ဖမ်းဆီးခေါ်ဆောင် ပြီး သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ကျေးရွာဒေသခံ တစ်ဦးက “ရွာထဲကို စစ်ကောင်စီတပ်ဖွဲ့လာ ရောက်မွှေနှောက်ဖျက်ဆီးပြီး ရွာ အနောက်ဘက်မှာ ဦးသိန်းလင်းကို တွေ့တာနဲ့ဖမ်းသွားတာ။ နောက်ရက် ရွာပြင်က လယ်ကွင်းထဲ ဦးသိန်းလင်း အလောင်းတွေ့ရတာပဲ" လို့ ပြောပါတယ်။
ဦးသိန်းလင်းအလောင်းရဲ့ကိုယ်မှာ ဒဏ်ရာတွေတွေ့ရပြီး စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်းက ကျေးရွာတွေကို အင်အားသုံး စီးနင်း ဝင်ရောက်ကာ မွှေနှောက်ဖျက်ဆီး လုယက်တာ၊ ပြည်သူတွေကို သတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။