Home
မြန်မာသတင်း
အလဲဗင်းသတင်းထောက် ထောင်ချခံရမှုနှင့်ပတ်သက်ပြီး ဆန္ဒပြခွင့် ပယ်ချ
DVB
·
January 6, 2014
အလဲဗင်းမီဒီယာဂရုပ်ဖ်ရဲ့ လွိုင်ကော်အခြေစိုက် သတင်းထောက်ကို ထောင်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး ဇန်န၀ါရီ ၇ ရက်နေ့ ဆန္ဒပြခွင့် တောင်းခံရာမှာ ရန်ကုန်မှာ ခွင့်ပြုခဲ့ပေမယ့် မန္တလေးမှာတော့ ဆန္ဒပြခွင့် မပေးခဲ့ပါဘူး။ သတင်းထောက် နော်ခိုင်ခိုင် အေးချိုကို ကယားပြည်နယ် လွိုင်ကော်တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်း ဆုံးဖြတ်တယ်လို့ ယုံကြည်တဲ့အတွက် မန္တလေးအခြေစိုက် သတင်းထောက်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဆန္ဒပြခွင့်အတွက် လျှောက်ထားခဲ့တာကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ တရားစီရင်ရေး ချက်ချင်းလုပ်ဆောင်ပေး ခေါင်းစဉ်နဲ့ ဆန္ဒပြဖို့ မန္တလေးတိုင်း ဒေသကြီး အောင်မြေသာဇံမြို့နယ် ရဲစခန်းကို ဇန်န၀ါရီ ၁ ရက်နေ့က လျှောက်ထားခဲ့တာ ဖြစ်ပြီး ဇန်န၀ါရီ ၅ ရက်နေ့မှာ ဆန္ဒပြခွင့် မပေးတဲ့ အကြောင်းပြန်ကြားချက်ကို ရရှိခဲ့တယ်လို့ ဆန္ဒပြဖို့ စီစဉ်သူလည်းဖြစ် မန္တလေးအခြေစိုက် မန္တလေးခေတ်သတင်းဂျာနယ်က အယ်ဒီတာချုပ် ဦးမင်းဒင်က ပြောပါတယ်။ ဆန္ဒပြဖို့ ခွင့်မပေးတဲ့ ရဲစခန်းရဲ့ အကြောင်းပြချက်တွေနဲ့ ပတ်သက်ပြီး သူက အခုလို ပြောပါတယ်။ “သက်ဆိုင်ရာ အာဏာပိုင်တွေက ဆန္ဒပြခွင့်မပေးနိုင်တဲ့ အကြောင်းပြချက်က ၄ ခုပေးထားတယ်။ ကျနော်တို့ ပြမှာက တရားစီရင်ရေး မဏ္ဍိုင် တိန်းစောင်းတယ်ဆိုတာ ပြမှာဖြစ်တဲ့အတွက် ခေါင်းစဉ်ပေးထားတဲ့ ရည်ရွယ်ချက်က တရားစီရင်ရေး မဏ္ဍိုင်တိန်းစောင်းပြီး ဆုံးဖြတ်တဲ့အပေါ်မှာ ကျနော်တို့က ဆန္ဒပြမှာဖြစ်ပါတယ်။ အကြောင်းပြချက် ၄ ချက်က ၁ အချက် တရားစီရင်ရေး မဏ္ဍိုင်က လွတ်လပ်ပွင့်လင်းစွာ တရားစီရင်နေတယ်။ ၂ အချက်က တကယ်လို့သာ မြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ခရိုင်သော်လည်းကောင်း၊ အထက်ထက် အယူခံတွေ တင်ခွင့်ရနိုင်တယ်။ ၃ အချက်က တရားရေးဝန်ထမ်းတွေကို လာဘ်စား လာဘ်ယူ ပြုလုပ်ပြီး မှားယွင်းစွာ ဆုံးဖြတ်နေရင် ဥပဒေအရ အရေးယူနေတယ်ပေါ့။ ၄ အချက်က ဆန္ဒပြခွင့် တောင်းဆိုတဲ့ နေရာက အများပြည်သူသွားလာနေတဲ့ နေရာဖြစ်တယ် အဲဒီအတွက် ခွင့်မပြုနိုင်ဘူး။” လူ ၂၀၀ ၀န်းကျင်နဲ့ ကျောင်းသွားရုံးတက်ချိန်ကို ရှောင်ရှားပြီး ၁၀ နာရီကနေ ၁၂ နာရီအကြား မန္တလေး ကျုံးတောင်ဘက်အခြမ်းမှာ လမ်းလျှောက် ဆန္ဒပြဖို့ တောင်းခံခဲ့တာလို့ သူက ပြောပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့က စတင် လျှောက်ထားခဲ့တာ ဖြစ်ပြီး အထောက်အထား မပြည့်တဲ့အတွက် ၃၁ ရက်နေ့မှာ တခါ ထပ်မံ လျှောက်ထားခဲ့တာပေမယ့် ဇန်န၀ါရီ ၁ ရက်နေ့မှ တရားဝင် လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။ အောင်မြေသာဇံရဲစခန်း တာဝန်ရှိသူတဦးက ဆန္ဒပြဖို့ ခွင့်ပြုချက် မပေးတာကို ၀န်ခံ ပြောဆိုခဲ့ပြီး ခွင့်မပြုရတဲ့အကြောင်းကို အခုလို ပြောဆိုပါတယ်။ “တင်ပြထားတဲ့အချက်ကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို ဆက်တင်ထားတယ်။ ဆက်တင်ထားတော့ လူစည်ကားရာ လမ်းမကြီးဖြစ်နေတဲ့အတွက် အဲဒါကြောင့် ကျနော်တို့ ငြင်းပယ်ထားတာဖြစ်တယ်။ တင်ပြထားတဲ့ အချက် ၃ ချက်အပေါ်မှာက ပုဂ္ဂိုလ်စွဲနဲ့ တင်ပြထားခြင်းမဟုတ်ပဲ နိုင်ငံတ၀န်းလုံးအတွက် တင်ပြခြင်းဖြစ်တယ်လို့ ယူဆထားတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ငြင်းပယ်ထားတယ်လို့ သိရတယ်။” ဆန္ဒပြခွင့်အတွက် ဇန်န၀ါရီ ၆ ရက်နေ့ ညနေမှာ ချမ်းအေးသာဇံမြို့နယ်ကနေ ထပ်မံ ပြောင်းရွှေ့ လျှောက်ထားမယ့်အကြောင်း ဦးမင်းဒင်က ပြောပါတယ်။ ဆန္ဒပြခွင့် မပြုတဲ့အပေါ် ရှေ့နေ ဦးအောင်သိန်းက “ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဆန္ဒပြခွင့်ဆိုတာ အခြေခံ ဥပဒေက ပေးထားတဲ့ အခွင့်အရေးပဲ။ အဲဒီလို အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးကို လိုက်ပြီး ကန့်သတ်နေရင် ဘယ်လို လုပ် ကျနော်တို့ နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ သွားနေပါတယ်ဆိုပြီးတော့ ပြောနေလို့ အဓိပ္ပါယ်ဘယ်လို ရှိမှာလဲ။ ဆန္ဒထုတ်ဖော်တယ်ဆိုတာက မိမိဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့်ကို အခြေခံဥပဒေက ပေးထားပါလျှက်နဲ့ ပေးကားပေး၏ မရဆိုတဲ့ တတိုင်းတပြည် တရွာတပုဒ်ဆန်း လို ဖြစ်နေရင် မသင့်လျော်ဘူးလို့ မြင်ပါတယ်” လို့ ပြောပါတယ်။ သတင်းထောက် နော်ခိုင်ခိုင်အေးချို (ခ) မခိုင်ဟာ သတင်းရယူမှု ဖြစ်စဉ်တခုမှာ ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှု ပုဒ်မတွေနဲ့ လွိုင်ကော်မြို့နယ် တရားရုံးရဲ့ လက်ခံ စွဲချက်တင်ခြင်းခံရပြီး ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။ ပုဒ်မ ၄၅၁ ပိုင်နက်ကျူးလွန်မှုအရ ထောင်ဒဏ် ၃ လ၊ ပုဒ်မ ၅၀၀ အသရေဖျက်မှုအရ ထောင်ဒဏ် ၁ လ၊ ပုဒ်မ ၂၉၄ (ခ) ညစ်ညမ်းစွာပြောဆိုမှုအရ ထောင်ဒဏ် ၁ လ တို့ကို တပေါင်းတည်း ကျခံစေဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024