အမေရိကန်ဟာ အောက်တိုဘာ ၃၀ ရက် မနက်ထိ ကိုဗစ်ကာကွယ်ဆေး ထိုးဆေးလုံးရေ သန်း ၄၂၀ ကျော်ကို ထိုးနှံပေးခဲ့ပြီး ထိုးဆေးလုံးရေ ၅၁၈ သန်းကို ဖြန့်ဖြူးပေးခဲ့ပြီးပြီလို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ပြောပါတယ်။
ပြည်သူ ၂၂၁ သန်းကျော်ဟာ ကာကွယ်ဆေး အနည်းဆုံး တကြိမ်ထိုးနှံပြီးစီးခဲ့ပြီး ပြည်သူ ၁၉၂ သန်းကျော်ကတော့ ကာကွယ်ဆေး ၂ ကြိမ် အပြည့် ထိုးနှံပြီးပြီလို့ ဆိုပါတယ်။
CDC ရဲ့ အရေအတွက်ထဲမှာ ကာကွယ်ဆေး ထိုးဆေး ၂ လုံးအပြည့် ထိုးရတဲ့ မိုဒါနာနဲ့ ဖှိုက်ဇာ ကာကွယ်ဆေးတွေအပြင် ဆေးတလုံးတည်းနဲ့အပြီးထိုးရတဲ့ Johnson & Johnson ကာကွယ်ဆေးလည်း ပါပါတယ်။
ဒါ့အပြင် ပြည်သူ ၁၇ ဒသမ ၇ သန်းကတော့ တတိယမြောက် ထိုးကြတဲ့ ဆေးရှိန်မပြတ် အားဆက်ပေးတဲ့ ဆေးကို ထိုးပြီးကြပါပြီ။
အမေရိကန်ဟာ ဗြိတိန်၊ ဥရောသမဂ္ဂအဖွဲ့ဝင် နယ်စပ်ထိန်းချုပ်မှု ကင်းလွတ်ခွင့်ရ ၂၆ နိုင်ငံ၊ အိုင်ယာလန်၊ တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိက ၊ အီရန်နဲ့ ဘရာဇီး နိုင်ငံတွေကို ကျန်ခဲ့တဲ့ ၁၄ ရက်အတွင်း သွားထားတဲ့ အမေရိကန် နိုင်ငံသား မဟုတ်သူ အများစုကို တားမြစ်ပိတ်ပင်တဲ့ ခရီးသွား ကန့်သတ်ချက်ကို နိုဝင်ဘာ ၈ ရက်က စပြီးပယ်ဖျက်ပေးနေပါတယ်။
တဖက်မှာလည်း အမေရိကန်နိုင်ငံထဲကို လေကြောင်းခရီးစဉ်နဲ့ လာမယ့်နိုင်ငံခြားသား အရွယ်ရောက်ပြီးသူ အားလုံးနီးပါး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားဖို့ လိုမယ့် စည်းမျဉ်းသစ်ကို ချမှတ်နေပါတယ်။