ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ထဲမှာ အောက်တိုဘာ ၃၁ ရက် မနေ့ညက မိုးသည်း ထန်တာကြောင့် မယ်ဆိုင်ချောင်းရေပြည့်လျှံကျပြီး ချောင်းဘေးနှစ်ဘက်ရှိ လူနေအိမ်တွေထဲ ရေဝင်ကုန်ပါတယ်။
ဒီနေ့မနက် ၅ နာရီကျော်လောက်က တာချီလိတ်မြို့ တာလော့ရပ်ကွက်ထဲမှာ ရေတွေ တက်လာလို့ အရေးကြီးတဲ့ပစ္စည်းတွေကို အမြင့်ပိုင်းကို ကူညီပြောင်းရွှေ့ပေးခဲ့ကြတယ်လို့ တာချီလိတ် နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ အရင်ဆုံးသိမြင်ရတာကတော့ တာလော့ရပ်ကွက်ထဲမှာပေါ့နော်။ မနက် ၅ နာရီခွဲ လောက်မှာ ရေတွေက ခါးဝက်လောက်ထိတက်လာလို့ ဆိုင်ကယ်တွေ ကားတွေသွားပြီး ကူညီ သယ်ရွှေ့ပေးခဲ့ကြပါတယ်။ ရေကြီးတဲ့နေရာတွေကတော့ ဒီမယ်ဆိုင်ချောင်းဘေးတလျှောက် ရပ်ကွက် အကုန်လုံးလိုပါပဲ။ ဒီတာလော့ရပ်ရယ် မကာအိုခမ်းရပ် မယ်ခေါင်ရပ်၊ ဆန်ဆိုင်း ရပ်ကွက်တွေပေါ့။ အပျက်အစီး ကြီးကြီးမားမားမရှိပါဘူး။ ဆိုင်ကယ်တွေကားတွေ နည်းနည်း ပျက်တယ်၊ အခုတော့ ရေတွေတရိပ်ရိပ်ပြန်ကျနေပါပြီ။”
ဆန်ဆိုင်း (က) ရပ်ကွက်နေပြည်သူတစ်ဦးကလည်း သူတို့ဆီမှာ ခါတိုင်းလည်း ရေကြီးပေမယ့် ဒီတခေါက်တော့ တော်တော်ဆိုးကြောင်း၊ အိမ်ထဲမှာရေတွေပြည့်လို့ မီးလည်းပျက်၊ ထမင်းဟင်းလည်းချက်လို့မရ၊ ဘယ်မှလည်းသွားလို့ မရကြောင်း၊ မနက် ၉ နာရီခွဲလောက်မှာတော့ ရေက ၄ လက်မလောက်ပြန်ကျသွားပြီလို့ ပြောသွားပါတယ်။
အလားတူ ထိုင်းဘက်ခြမ်း မယ်ဆိုင်ချောင်းအနီးက ဆိုင်လုမ်းကျွိုင်းဈေးနဲ့ ရပ်ကွက်အချို့မှာ ရေတွေဝင်ပြီး ပစ္စည်းတွေ အမြင့်ကိုရွှေ့ပြောင်းခဲ့ကြရပါတယ်။
မနက် ၁၀ နာရီလောက်မှာ ရေပြန်ကျသွားကြောင်း၊ ရေကျတဲ့နေရာကို မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လာရောက်စစ်ဆေးပြီး လိုအပ်တာတွေအကူအညီပေးကာ ရွှံ့နွံတွေကို သန့်ရှင်းရေးပြန်လုပ်နေကြရတယ်လို့ မယ်ဆိုင်ဒေသခံက ပြောပါတယ်။