ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ အောက်တိုဘာ ၃၀ ရက် ဒီနေ့ မနက်ပိုင်းက Mytel တာဝါတိုင် ၃ တိုင် တချိန်တည်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သစ်ရောင်းအုပ်စု၊ သံပါတ်ကွင်းကျေးရွာမှာရှိတဲ့ တာဝါတိုင်၊ သဲဖြူကုန်းအုပ်စု ကနစိုးကုန်းကျေးရွာမှာ ရှိတဲ့ တာဝါတိုင်နဲ့ မိုးတိမ်ပြင်အုပ်စု ပိတောက်ကုန်းကျေးရွာအုပ်စုမှာရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေကို ဒီနေ့မနက် ၈ နာရီနဲ့ ၈ နာရီခွဲကြားမှာ မိုင်းခွဲဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
“အဓိက စစ်အုပ်စုပိုင်တဲ့အရာတွေ ဖျက်ဆီးတာပါ။ ဒီစစ်အုပ်စုကို အထောက်အပံ့ပေးနေတဲ့ အရာတွေ အားလုံးကို ဆက်လိုက်တိုက်ခိုက်သွားမှာပါ”လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေကို ဧရိယာ-၁၄ အဖွဲ့နဲ့ ငပုတောမြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိအောင် လုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ စစ်အုပ်စုပိုင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးတာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။