ရွှေတြိဂံဒေသ လာအိုတွင် စိတ်ကြွဆေး ၅၅ သန်းနှင့် အိုက်စ် ၁ တန်ခွဲဖမ်းမိ၊ အာရှတွင် ပမာဏ အများဆုံးဖမ်းမိခြင်းဖြစ်ဟုဆို

လာအိုနိုင်ငံ၊ ဘော်ကယောက်ခရိုင်၊ ဟွေ့ဆိုင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စိတ်ကြွဆေးပြားအလုံးရေ ၅၅ သန်းနဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁ တန်ခွဲ အပြင် မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ကုန်ကြမ်းပစ္စည်းတွေ လက်နက်တွေပါ ဖမ်းဆီးရမိတယ်လို့ ဒေသတွင်းသတင်းကို ကိုးကားပြီး ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

လာအိုစစ်တပ်၊ ရဲ နဲ့အကောက်ခွန်တွေပါတဲ့ တာဝန်ရှိသူတွေဟာ  အောက်တိုဘာ ၂၇ ရက် မနက်က ဘန့်ဖွန်းထောင်န်းအုပ်စုရှိ စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကိုစစ်ဆေး နေခဲ့ရာမှာ ၁၂ ဘီးကားတစ်စီးမှာ မူးယစ်ဆေးတွေ သယ်လာမယ်လို့ ကြိုတင်သတင်းရထားတယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

မနက် ၅ နာရီခွဲလောက်မှာတော့ ဘန့်ဟွေ့ဆိုင်းနွဲ့ဘက်ကနေ မောင်းနှင်လာတဲ့ ၁၂ ဘီးကားတစ်စီးကို စစ်ဆေးခဲ့ရာမှာ အဆိုပါ ကားပေါ်မှာ လာအိုဘီယာဗူးတွေပါလာကြောင်း၊ ယာဉ်မောင်းဖြစ်သူက သူဟာ လာအိုဘီယာကုမ္ပဏီကဖြစ်ပြီး နယ်စပ်ဘက်ကို သွားရောင်းထားတဲ့ ဘီယာဗူးခွံတွေ ပြန်သည်လာတာလို့ တာဝန်ရှိသူတွေကို ပြောပါတယ်။ 

အစပိုင်းမှာ ရဲဘက်က အဆိုပါကားကိုလွှတ်ပေးခဲ့ပေမယ့် အကောက်ခွန်ဘက်ကတော့ အဆိုပါကားကိုသံသယရှိကြောင်း၊ ခါတိုင်းမှာ လာအိုဘီယာကားတွေက ကုန်ပစ္စည်းသည်ရင် ကုမ္ပဏီတံဆိပ်ပါကြော်ငြာအကြီးကြီးနဲ့ ဖုံးလွှားထားကြောင််း၊  ဒီတခေါက်မှာ အဲလို မတွေ့ရတဲ့ အပြင် ကားရဲ့အလေးချိန်က လေးနေလို့ နောက်တစ်ခေါက်ပြန်စစ်ဖို့ ခွင့်တောင်းလိုက်ပါတယ်။ 

ဒုတိယအကြိမ်စစ်ဆေးရာမှာတော့ ဘီယာဘူးတွေအောက်မှာ ဝှက်ပြီးသယ်ဆောင်လာတဲ့ စိတ်ကြွ ဆေးပြားအလုံးရေ ၅၅၆၆၄၀၀၀ ထည့်ထားတဲ့ အိတ်ပေါင်း ၂၆၂ အိတ်၊ အလေးချိန် ၁၅၃၇ ကီလိုဂရမ် (၁ တန်ခွဲကျော်) ပါတဲ့ အိတ်ပေါင်း ၆၆ အိတ်ကို တွေ့ရှိခဲ့ကြပါတယ်။ 

ယာဉ်မောင်းဖြစ်သူမှာ အသက် ၂၂ နှစ်ရွယ်ရှိ နိုင်းထောင်းဆိုင်းထော ဆိုသူဖြစ်ပြီး သူက အဆိုပါပစ္စည်းတွေကို လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းသို့ ပို့ဆောင်ပေးဖို့ ထုန့်ဆိုင်းနွဲ့မြို့ရှိ စီးပွါးရေးသမားတစ်ဦးဖြစ်တဲ့ နိုင်းဆိုင်းဆုန်ထော (အသက် ၄၀) နှစ်က စေခိုင်းတာလို့ ထွက်ဆို ခဲ့ပါတယ် ။ 

တာဝန်ရှိသူတွေက နိုင်းဆိုင်းဆုန်ထောကို ခေါ်ယူစစ်ဆေးနေတဲ့အပြင် ယာဉ်မောင်း နိုင်း ထောင်းဆိုင်းထောရဲ့နေအိမ်ကိုပါ သွားရောက်စစ်ဆေးရာမှာ နောက်ထပ် မူးယစ်ဆေးဝါးထု တ်လုပ်ရာမှာအသုံးပြုတဲ့ မူးယစ်ဆေးမှုန့်၊ မူးယစ်ဆေးအရည်၊ အနီရောင်ဆိုးဆေးရည်၊ ဆေးပြားထုတ်စက် နဲ့ AK-47 သေနတ် ၁ လက် ၊ 99 MM  သေနတ် ၁ လက် ၊ ရွှေငွေထည့်ထားတဲ့ မီးခံသေတ္တာ ၅ လုံးကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။ 

ဒါဟာ အာရှဒေသမှာ ဖမ်းမိတဲ့ စိတ်ကြွဆေးဝါးတွေထဲမှာ ပမာဏ အများဆုံး ဖမ်းဆီးရမိတာ ဖြစ်တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာရေးသားဖော်ပြကြပါတယ်။ 

လာအိုဘီယာကုမ္ပဏီကတော့ အဆိုပါ ၁၂ ဘီးကား၊ ယာဉ်မောင်းနဲ့ မူးယစ်ဆေးတွေဟာ သူတို့ကုမ္ပဏီနဲ့ လုံးဝပတ်သက်ခြင်းမရှိကြောင်း ထုတ်ပြန်ကြေငြာထားပါတယ်။ 

Masaipress ထိုင်းသတင်းမှာတော့ လာအိုနိုင်ငံမှာ ဖမ်းမိတဲ့ စိတ်ကြွဆေး ၅၅ သန်းဟာ Y-1  အမှတ်တံဆိပ်ဖြစ်ပြီး ဒီမတိုင်ခင်က ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်ထဲမှာလည်း အဆိုပါ အမှတ်တံဆိပ် စိတ်ကြွဆေးတွေ ဖမ်းမိခဲ့ကြောင်း၊ ထိုင်းမှာအဖမ်းအဆီးများလို့ လာအိုဘက်ကို လှည့်သွားတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ရေးသားထားပါတယ်။ 

ဒီတချီ မူးယစ်ဆေးဖမ်းမိတဲ့ ဟွေ့ဆိုင်းမြို့နယ်ဟာ ၃ နိုင်ငံနယ်စပ် ရွှေတြိဂံနယ်မြေအနီးမှာ တည်ရှိပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up