Live
Home
မြန်မာသတင်း
နှစ်ကုန်တွင် လူဦးရေ ၅၀ ရာခိုင်နှုန်းကျော် ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
October 29, 2021

အခုနှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး လတ်တလောမှာတော့ အောက်တိုဘာ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူအရေအတွက် ၁၂ ဒသမ ၇၉ သန်း ကျော်ရှိနေတယ်လို့ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် စစ်ကောင်စီဟာ တရုတ်နိုင်ငံကနေ ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ် ချုပ်ဆိုဝယ်ယူထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၅ သုတ်ခွဲကာ စုစုပေါင်းသန်း ၂၀ ပို့ ဆောင်ရောက်ရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေးသွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄၉၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၈,၆၀၀ ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါ တယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစု မှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင် သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၉ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ် တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေ ကြရတာ၊ စစ် ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှား နေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှား ယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါ တယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024